ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း NUG အစိုးရ ထုတ်ပြန်

လူထုတစ်ရပ်လုံး ယုံကြည်လက်ခံပြီး တရားဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးမယ့် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူအားကိုးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ဖို့အတွက် ကြိုးစားကြစေချင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ဝင်ထားတဲ့ ရဲတပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်တဲ့အပေါ် CDM ရဲတပ်ဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်၊ ဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးလည်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်သွားမှာပါ။ NUG အစိုးရမှာ တာဝန်ထမ်းဆောင်ကြမယ့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူလူထုက လက်ခံ ယုံကြည်ပေးကြပါလို့၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူအားကိုးယုံကြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတာ ကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ဒုစရိုက်မှုတွေကိုပါ တာဆီးနှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ပြည်သူ့ရဲတပ်ဖွဲ့မှာ အင်အားအရေအတွက် အရင်ကတည်းက ဒေသအလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့ တွေနဲ့ ဘယ်လိုတာဝန်တွေ ပူးပေါင်းထမ်းဆောင်မယ်ဆိုတာမျိုး ဖော်ပြထားတာမရှိပါဘူး။

မကွေးတိုင်း ထီးလင်းမြို့နယ်ထဲက ပြည်သူ့ရဲတပ်ဖွဲ့ကို NUG ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက Kalay Police Service (ရဲအဖွဲ့) ဆိုပြီး NUG အစိုးရရဲ့ လက်အောက်ကနေ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ဖွဲ့စည်း ခဲ့ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်ထဲက ကရင်နီပြည်နယ်ရဲ (Karenni State Police-KSP) တပ်ဖွဲ့ကို CDM ရဲ ဝန်ထမ်းပေါင်း ၃၂၀ နဲ့ ဖွဲ့စည်းထားတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ထုတ်ပြန်ထားပါတယ်။

ခုလိုဒေသအလိုက် CDM ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူ့ရဲတပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းထားသလို တစ်ပြည်လုံး အတိုင်းအတာနဲ့ CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ ဝင်အင်အား ခုနစ်ထောင် ကျော်နေပြီလို့လည်း အမည်မဖော် လိုတဲ့ CDM ရဲတပ်ဖွဲ့ ဝင်တစ်ဦးက RFA ကို ပြောပါတယ်။