တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လတ်တလော စစ်ကောင်စီဘက်က အရှုံးကြီးရင်ဆိုင်နေရပြီး၊ စစ်စခန်းရာနဲ့ချီ လက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီလ ၂၂ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေမှာ ဓာတုလက်နက်တွေပါသုံးပြီး ပြန်လည်တိုက်ခိုက်နေတယ်လို့လည်း NUG ကပြောပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့တော်လှန်ရေးဟာ ၂ဝ၂၃ နှစ်ကုန်ပိုင်းကစပြီး အလှည့်အပြောင်းကာလရောက်လာပြီလို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်အထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်နီဒေသတွေမှာ သမားရိုးကျစစ်ဆင်တိုက်ခိုက်တဲ့ (Conventional warfare) ပုံစံနဲ့ တိုက်ခိုက်နေပြီး ကျန်တဲ့ဒေသတွေမှာ သမားရိုးကျမဟုတ်တဲ့ စစ်ဆင်တိုက်ခိုက်မှု (Unconventional warfare) ပုံစံနဲ့ စစ်ရေးပုံစံနှစ်မျိုး တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ချက်ချင်းတုံ့ပြန်တာမရှိသေးပါဘူး။ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း လတ်တလောတိုက်ပွဲတွေမှာ စစ်ကောင်စီအရေးနိမ့်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရနေတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။