NUG အစိုးရနဲ့ AA ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA တို့ဟာ မေလ ၁၆ ရက် မနက်က အွန်လိုင်းဗီဒီယိုကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ “ရခိုင်ပြည်သူ့အစိုးရ” ဆိုပြီး သုံးနှုန်းထားတာ တွေ့ရပါတယ်။
ဒါဟာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလကျော်လာပြီး နောက်ပိုင်း ULA/AA နဲ့ NUG တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံတာဖြစ်ပါတယ်။
တွေ့ဆုံပွဲကို NUG အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဦးမင်းကိုနိုင် ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီက တက်ရောက်ပြီး၊ ULA/AA ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင် တို့ ပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ ပထမဆုံးဖြစ်လို့ လက်ရှိ နိုင်ငံရေးအခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက RFA ကို ပြောပါတယ်။
“လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာ နှစ်ဖက်အပြန်အလှန် ဆွေးနွေးသုံးသပ်ပြီးမှ အမြင်ချင်း ဖလှယ်ခဲ့ကြတဲ့ အနေအထားပဲဖြစ်တယ်"
အခုလို NUG နဲ့ဆွေးနွေးတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြန်ဖြစ်လာမှာ မစိုးရိမ်ဘူးလားဆိုတာကိုတော့ ဦးခိုင်သုခက ....
“ဒါကတော့ သူတို့ဘက်ကနေပြီးတော့ စစ်ရေးအရပဲ ဖြစ်ဖြစ် နိုင်ငံရေးအရပဲ ဖြစ်ဖြစ် မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှာကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကလည်း “ရခိုင်ပြည်တွင်းက စစ်ရေး၊ နိုင်ငံရေး၊ ပဋိပက္ခတွေကြောင့် နည်းမျိုးစုံ ထိခိုက်နာကျင်ခဲ့ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှုရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်” လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA တည်ထောင်ခြင်း ၁၃ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့မှာလည်း NUG က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ NUG နဲ့ ULA/AA တို့အကြား ဆွေးနွေးမှု အောင်မြင်ခဲ့ရင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်ပြီး တော်လှန်ရေး အင်အားစုတွေဘက်က အသာစီးရနိုင်တယ်လို့ သုံးသပ်ပါတယ်။
"အဲဒီဘက်တွေသာ ပြန်ဖြစ်လာတယ်ဆိုရင် တပ်က စစ်မျက်နှာကျယ်သွားတယ်။ သူ့အင်အားတွေ ဖြန့်ကြက်ထားရတယ်ဆိုရင် တစ်နေရာတည်းမှာ သူက အင်အား စုစည်းပြီး တိုက်ခိုက်တာ မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ စစ်မျက်နှာတွေမှာ PDF တွေဘက်က တိုက်ပွဲမှာ နည်းနည်းအသာစီး ရနိုင်တာပေါ့နော်"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ULA/AA ကို ပူးပေါင်းပါဝင်ဖို့ NUG အစိုးရက ဖိတ်ခေါ်ခဲ့ဖူးပေမယ့် ဒါကို ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မလိုက်ပါနိုင်တဲ့အကြောင်း ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့တိုက်ပွဲတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ၂ နှစ်နီးပါး ပြင်းထန်ခဲ့ပေမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာလကစလို့ အပစ်ရပ်မယ်လို့ ကြေညာပြီး တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာ အခုချိန်ထိဖြစ်ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ AA က မေလ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။