နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၂ ခုရဲ့ စစ်ခေါင်းဆောင်ကိုလိပ်မူပေးပို့စာကို NUG ကန့်ကွက်

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က မော်လမြိုင်မြို့တွင် တွေ့ရစဉ်
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က မော်လမြိုင်မြို့တွင် တွေ့ရစဉ် (Photo: RFA)

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အစည်း ၁၂ ခုက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ် ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့လို အကြမ်းဖက် စစ်အုပ်စုအဖွဲ့ဝင်တွေ ကို လိပ်မူပြီး မိတ္တူပေးပို့ထားတာကို ပြင်းထန်စွာကန့်ကွက်တယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က သြဂုတ်လ ၁၃ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားသလိုဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း ၁၂ ခုရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြန်လည်တောင်းပန်စာကို တွေ့ရှိခဲ့ပေမယ့် စာက အလွန်တိုတောင်းတာကို ဝမ်းနည်းစိတ်ပျက်ဖွယ် တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာပြည်သူတစ်ရပ် လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားပေးထောက်ခံမှုကို တစ်ခဲနက်ရရှိထားတဲ့ အစိုးရ ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေ ညီလာခံနှင့် အထွေထွေအတွင်းရေး မှူးချုပ်ရုံးတို့ကလည်း အမျိုးသားညီညွတ်ရေး အစိုးရခေါင်းဆောင်တွေကို တရားဝင် အသိ အမှတ်ပြုမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူး စောင့်ကြည့်ရေး အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတို့ရဲ့ စစ်ဆေးထုတ်ပြန်ချက်တွေအရ မင်းအောင်လှိုင်ဟာ အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင် ဖြစ်တဲ့အလျောက် အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်များစွာရှိတယ်လို့လည်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒါကြောင့် အဲဒီ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၂ ခုက ဖိတ်ကြားစာပေးပို့ခဲ့တာ ကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ဖို့နဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ တစ်ရပ်အနေနဲ့ အသိအမှတ်ပြုတဲ့ စာအပြည့် အစုံအား ရေးသားထုတ်ပြန်ရန် မျှော်လင့်ကြောင်းနဲ့ တစ်ချိန်တည်းမှာပဲ အဲဒီအဖွဲ့ ၁၂ ဖွဲ့ အနေနဲ့ လွဲမှားသွားမှုအပေါ် အလေးအနက်ပြန်သုံးသပ်ဖို့နဲ့ အဲဒီလို အမှားအယွင်းမျိုး နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေဖို့ သေချာဂရုပြုရမှာဖြစ်တယ်လို့လည်း NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) အနေနဲ့လည်း စက်တင် ဘာလမှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံ ကိုတက်ရောက်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြု ဖိတ်ကြားသင့်သလို ပူးတွဲပါ အဖွဲ့အစည်း ၁၂ ခု အနေနဲ့ ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေး မှုအဖွဲ့အစည်း (ယူနက်စကို) ကိုသာ ကိုယ်စားပြုသင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။