စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို တုံ့ပြန်ပေးဖို့ အာရှရဲ့ NATO လို့ ခေါ်ကြတဲ့ အမေရိကန်အပါအဝင် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် စတဲ့ အင်အားကြီး လေးနိုင်ငံပါတဲ့ Quad အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၂၃ ရက် မနေ့က ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။
NUG ရဲ့ တောင်းဆိုချက်တွေထဲမှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို သည်းမခံဖို့၊ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုတွေအပေါ် ကူညီဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
နောက်ပြီး စစ်ကောင်စီကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ရာရောက်နေတဲ့ လက်နက် ခဲယမ်းနဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို Quad နိုင်ငံတွေရဲ့ လုပ်ပိုင်ခွင့်သုံးပြီး ကန့်သတ် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အမေရိကန် ဦးဆောင်တဲ့ Quad အဖွဲ့ဟာ မေလ ၂၃ ရက် နဲ့ ၂၄ ရက်နေ့တွေက ဂျပန်နိုင်ငံ မှာ လုံခြုံရေးဆိုင်ရာ အစည်းအဝေးရှိနေပြီး NUG ကတော့ အဲဒီအစည်းအဝေးကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဒီတောင်းဆိုချက်တွေကို မြန်မာ့အရေး၊ ဒီမိုကရေစီအရေးအတွက် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အင်အားကြီး လေးနိုင်ငံအနေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း ရေးသားထားပါတယ်။
အမေရိကန်အပါအဝင် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် စတဲ့ အင်အားကြီး လေးနိုင်ငံပါတဲ့ Quad အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။