ညောင်ဦးမှာ စစ်မှုထမ်းသင်တန်းအတွက် အရပ်သား တစ်ရာဝန်းကျင် ဖမ်းဆီးခံရ
2024.12.07
မန္တလေးတိုင်းက ညောင်ဦး-မြင်းခြံလမ်းပေါ် သွားလာနေတဲ့ အရပ်သား တစ်ရာဝန်းကျင်ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ဖမ်းဆီးသွားတယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းခေါ်သွားတဲ့ အရပ်သားတွေကို မိတ္ထီလာက တပ်မ ၉၉ ကို ပို့မယ်လို့ သတင်းရထားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဇီးက RFA ကို ပြောပါတယ်။
“ညောင်ဦးမြို့နယ်အတွင်းကတော့ ခဏခဏ ဖမ်းတယ်၊ အခုက ညောင်ဦး-မြင်းခြံလမ်းပေါ်က လမ်းပေါ်တွေ့သမျှလူအကုန်ဖမ်းတာ၊ စုံစမ်းသိရသလောက် ထွေအုပ်ရုံးမှာ ထားထားတယ်၊ တစ်ညအိပ်ပြီး မနက်ကျရင် မိတ္ထီလာတပ်မ ၉၉ ကို ပို့မှာ”
ဖမ်းခေါ်သွားသူတွေထဲက စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပေမဲ့ ကျန်တဲ့သူတွေကို ဆက်လက်ထိန်းသိမ်းထားဆဲပဲလို့ ဆိုပါတယ်။
အရင်ကလည်း စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားသူတွေကို တန့်ယန်းမြို့က စစ်မှုထမ်းသင်တန်းကျောင်းမှာ တစ်လခွဲ သင်တန်းပေးပြီး ရှေ့တန်းကို ပို့နေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို ဖမ်းခံရသူတွေကို မိသားစုတွေက ငွေကြေးပေးပြီး ပြန်ထုတ်တာတွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ငွေပေးလို့ မရတော့ဘူးလို့ ပြောပါတယ်။
လက်ရှိ ညောင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောအခြေအနေတွေအရ အသွားအလာ သတိထားကြဖို့ ဒေသခံတွေကို ညောင်ဦးမြို့နယ်-ပကဖက သတိပေးထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိပါတယ်။