အောက်တိုဘာမှာ ရေထပ်ကြီးနိုင်ကြောင်း မိုးဇလ သတိပေး
2024.09.28
လာမဲ့ အောက်တိုဘာလအတွင်းမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ တစ်ကြိမ်စီနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ တစ်ကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် နှစ်လက်မခန့် ကျဆင်းသွားပြီဖြစ်ပြီး မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးမှုတွေ ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ဒုတိယပတ်ကစလို့ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင် အတွင်းမှာရှိတဲ့ စစ်တောင်းမြစ်ဘေးက မြို့ရွာတွေမှာ ရေကြီးနစ်မြုပ်တာ၊ လမ်းတံတားတွေပျက်စီးတာ၊ သီးနှံစိုက်ဧကတွေ ပျက်စီးတာနဲ့ လူသေဆုံးတဲ့ အခြေအနေတွေအထိ ရှိခဲ့တာပါ။
လက်ရှိမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ တချို့က ရေဘေးကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေကြရဆဲဖြစ်သလို ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်သူတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အခုရေကြီးမှုမှာ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရပ်ရွာတွေထံ သွားရောက်ကူညီမှုတွေမှာတော့ စစ်ကောင်စီတပ်ရဲ့ ဟန့်တားမှုတွေ ရှိခဲ့လို့ အကူအညီအပြည့်အ၀ မရောက်ခဲ့ဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ရေဘေးအကူအညီတွေကို ကန့်သတ်ပိတ်ပင်တာ မရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ပြောဆို ထားပါတယ်။