ဖားကန့် ကာမိုင်းတိုက်ပွဲအတွင်း ဒေသခံတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့က လဝါ-ကာမိုင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ဂိတ်နားမှာ စျေးရောင်းနေတဲ့ အသက် ၄၀ ကျော်အရွယ် ကိုကိုဦး ဆိုသူ အိမ်သာထဲမှာပုန်းနေချိန် ပစ်သတ်ခံခဲ့ရတာလို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် အဲဂိတ်စောင့်တဲ့ စစ်သားတွေ ဂိတ်ကိုရောက်တာနဲ့ တိုက်ပွဲဖြစ်တာ။ ကာမိုင်းဗျူဟာကုန်းကလည်း လက်နက်ကြီးတွေပစ်တယ်။ အဲဂိတ်က စစ်သားတွေကို အကြိုအပို့လုပ်ပေးနေတဲ့ ဦးကိုကိုဦး ဆိုတဲ့သူလည်း အိမ်သာထဲမှာနေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာ”

ဦးကိုကိုဦး ပစ်သတ်ခံရတာဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို မသိရသေးပါဘူး။

ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အဲဒီစစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၇ နာရီလောက်က ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနေရာကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအချို့က ပြောဆိုကြပေမဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေကို RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း အလားတူတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။