ကယားပြည်နယ် လွိုင်လင်လေးမြို့ ဒေါပါပရွာကို သြဂုတ်လ ၉ ရက်နေ့ မနေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံးနဲ့ ဆေးပေးခန်းပါ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီး မနက် ၁၁ နာရီကျော်လောက် လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၅၀) အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ပါ ဒေါပါပရွာကို ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့ အရှေ့ဘက်အခြမ်းမှာလည်း မနေ့ညနေပိုင်းက စစ်ကောင်စီရဲ့ ငွေတောင် အခြေစိုက် အမှတ် (၁၀၂) တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရွာအချို့ထဲ လက်နက်ကြီး ရှစ်လုံးအထိ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ သြဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက် အရ အာဏာသိမ်းတစ်နှစ်ခွဲကျော် ကာလအတွင်း ကယားပြည်နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ပေါင်း ၃၉၃ ကြိမ်အထိဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှုက ၁၅၇ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူက ၃၀၀ နီးပါးရှိတယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။