ရိခေါ်ဒါရ်မြို့ တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရ

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် ( ၂) ရပ်ကွက်ထဲကို ဩဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ အမှတ် ( ၂) ရပ်ကွက်ထဲက တောင်ကုန်းတစ်ခုပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဒီနေ့မနက် ၅ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၆၈) တပ်ရင်းကနေလည်း တိုက်ပွဲ ဖြစ်တဲ့ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေ ဝဲပျံနေတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဒီနေ့မနက် နှစ်ဖက်တိုက်ပွဲကြောင့် အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေအားလုံး တစ်ဖက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့နဲ့ မတ်လ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဲဒီအမှတ် (၂) ရပ်ကွက်က ဒေသခံအချို့ တစ်ဖက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ လူဦးရေ စုစုပေါင်း ၅၂၀၀ ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။