ဘူးသိုမြို့ မယ်ကလောရွာထဲ လက်နက်ကြီးကျည်ကျလို့ ဒေသခံတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဘူးသိုမြို့နယ်၊ မယ်ကလောရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၅၀) အရွယ် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တဲ့ အမျိုးသမီးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသားက တော့ ဘယ်ခန္ဓာကိုယ်တစ်ခြမ်း ထိခိုက်ပျက်စီးခဲ့သလို အိမ်လည်းပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ ၂၃ ရက်နေ့က ဖြစ်သွားတာပါ။ လက်နက်ကြီးလာတဲ့ဘက်က စစ် ကောင်စီတပ်ရင်း ခမရ (၄၀၇) နဲ့ (၄၀၈) ဘက်က လာတာပါ။ အဲဘက်ကပစ်လို့သာ နေအိမ်တွေကိုထိတာ။ လက်နက်ကြီးပစ်ရင် ညပိုင်းတွေပဲ။ ကျနော်တို့မှာ မှောင်မှောင် မဲမဲပြေးရတယ်။ အခုလောလောဆယ်တော့ အရပ်သားတွေအကုန် နေအိမ်ကနေ ခဏရှောင်ထားပါတယ်"

မယ်ကလောရွာထဲကို လက်နက်ကြီးကျည် လေးလုံးကျရောက်ပေါက်ကွဲသလို ဒေးလောပူ ရွာထဲကို တစ်လုံး ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကို RFA က ဆက်သွယ်မေးမြန်းရာမှာ KNU ဘက်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပါ တယ်။

စစ်ကောင်စီတပ်တွေဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် သေဆုံးဒဏ်ရာရတာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၃၅၆,၆၇၄ ဦး ရှိပြီး အဲဒီ အထဲက ၉၀,၂၉၁ ဦးဟာ တပ်မဟာ (၅) နယ်မြေ ကော်သူးလေအုပ်ချုပ်မှု နယ်မြေထဲ မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ထား ပါတယ်။