ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာကို ဇွန်လ ၁၀ ရက် မနေ့ည ၉ နာရီ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ဒေသခံအရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO PDF) က RFA ကို ပြောပါတယ်။
အဲဒီလက်နက်ကြီးဟာ ငွေတောင်အခြေစိုက် ခလရ (၁၀၂) ကပစ်ခတ်တဲ့ လက်နက်ကြီး တွေဖြစ်ပြီး ရွာထဲက အိမ်တွေကို သုံးချက်ကျရောက်ခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"အဲဒီနားမှာ တိုက်ပွဲလည်းမရှိဘူးလေ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း အများကြီး အလှမ်း ဝေးတယ်။ စစ်ကောင်စီက ဘာကြောင့်လက်နက်ကြီးနဲ့ ထုတယ်ဆိုတာတော့ ကျနော်တို့ နားမလည်ဘူး။ ထိခိုက်ဒဏ်ရာရ သေကြေပျက်ဆီးတာရှိတယ်။ အိမ်ပေါ်ကွက်တိကျ တော့ မိသားစုဝင်တွေ ထိသွားတာပေါ့"
သေဆုံးသူဟာ အသက် ၅၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ၁၈ နှစ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး တို့ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ ရာမှာလည်း အကြောင်းမပြန်ပါဘူး။
ငံရိုးရွာနဲ့ အနီးတစ်ဝိုက်ဟာ စစ်ဘေးဒုက္ခသည်အချို့ ထွက်ပြေးခိုလှုံနေတဲ့နေရာဖြစ်ပြီး တိုက်ပွဲဖြစ်လေ့ မရှိဘူးလို့လည်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
မနေ့က ဖြစ်စဉ်ကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ဇွန်လ ၉ ရက် မနေ့ ညနေ ၄ နာရီလောက်ကလည်း လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲ ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။