ကြေးနီစီမံကိန်းအနီး ဖောင်းကတာရွာမှာ လူတစ်ဦး ခေါင်းဖြတ်အသတ်ခံထားရ

2022.06.28
ကြေးနီစီမံကိန်းအနီး ဖောင်းကတာရွာမှာ လူတစ်ဦး ခေါင်းဖြတ်အသတ်ခံထားရ မိုးကြိုးပြင်ရွာသားနှစ်ဦး အလောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ နံနက်က မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေကြစဉ်
Photo: CJ

တရုတ်ကြေးနီစီမံကိန်း တည်ရှိရာ လက်ပံတောင်းတောင်အနီးတစ်ဝိုက်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဖောင်းကတာ (မြောက်) ရွာအနီးမှာ လူတစ်ဦး ခေါင်းနဲ့ ခြေလက်တွေ ဖြတ်တောက်ပြီး အသတ်ခံထားရတာကို ဇွန်လ ၂၆ ရက်နေ့က တွေ့ရှိခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အသတ်ခံရသူဟာ အသက် ၃၀ နီးပါးအရွယ် ကိုစိုင်းမြတ်စိုးဖြစ်ပြီး သူဟာ ဖောင်းကတာ (မြောက်) ရွာက မဟုတ်ဘဲ ဆားလင်းကြီးမြို့နယ် ဆားဒုံးကြီးကျေးရွာက ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ သုံးရက်အတွင်း စီမံကိန်းအနီးတစ်ဝိုက်က မိုးကြိုးပြင် (မြောက် ရွာ)၊ ဇီးတောရွာ၊ ဆည်တဲရွာနဲ့ ဖောင်းကတာ (မြောက်) ရွာကို စစ်ကြောင်းထိုး ဝင်ရောက် ချိန် ဇွန်လ ၂၄ ရက်နေ့မှာ သူ ပျောက်ဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ရက်အကြာ ဇွန်လ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာတော့ ဦးခေါင်းနဲ့ လက်မောင်း တွေ ခုတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ ကိုစိုင်းမြတ်စိုးရဲ့ ရုပ်အလောင်းကို ဖောင်းကတာရွာ အနီးမှာ ပြန်တွေ့ရကြောင်း ဖောင်းကတာရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဖမ်းထားတဲ့ စာသင်ကျောင်း ပတ်ချာလည်မှာ တွေ့တာပဲဗျ။ ဒေသအခေါ် ဖောင်းက တာ မြောက်ရွာပေါ့နော်။ အဲဒီဘက်ခြမ်းမှာ တွေ့ရတာ။ ခေါင်းနဲ့ ကိုယ်၊ လက်တွေရော တခြားစီပဲ ပစ်ထားခဲ့တာ။ အကုန်လုံးပြန်လိုက်ရှာပြီး သင်္ဂြိုဟ်ထားရတာ"

သူအပါအဝင် ဒေသခံတွေကတော့ ကိုစိုင်းမြတ်စိုးဟာ သူ့ဇာတိ ဆားဒုံးကြီးရွာအနီးက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ချိန် အဖမ်းခံခဲ့ရပြီးတဲ့နောက် အခုလို ရက်ရက်စက်စက် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ မွန်းလွဲပိုင်းမှာ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တရုတ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းဟာ စစ်ကောင်စီကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိစေတာမို့ ဒီစီမံကိန်းကို တိုက်ခိုက်သွား မယ်လို့ ဒေသအခြေစိုက် PDF ၁၆ ဖွဲ့ပေါင်းပြီး လွန်ခဲ့တဲ့ လအနည်းငယ်က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ ကြေးနီစီမံကိန်းကို စစ်တပ်က လုံခြုံရေးယူထားပြီး စီမံကိန်းအနီး တစ်ဝိုက်က ရွာတွေကို ဇွန်လ ၂၁ ရက်နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းနေတာဖြစ်ပါတယ်။

PDF တပ်ဖွဲ့တွေကလည်း ပြောက်ကျားနည်းနဲ့ ပြန်လည်တိုက်ခိုက်နေတဲ့အတွက် အဲဒီ ဒေသအနီးတစ်ဝိုက်မှာ နှစ်ဖက်အခြေအနေဟာ တင်းမာနေပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က အရင်က မေးမြန်းတဲ့အခါ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တာကြောင့် သူတို့အနေနဲ့ ကာကွယ်ပေးရမယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကြေးနီစီမံကိန်းအနီးတစ်ဝိုက် အခြေအနေ တင်းမာမှုတွေကြောင့် လက်ရှိအချိန်အထိ ရွာ ပေါင်း ၂၅ ရွာက ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။