ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဩဂုတ်လ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး နွားကျောင်းနေတဲ့ ဒေသခံတစ်ဦးလည်း တိုက်ပွဲကြားညပ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချိန်ခါလီရွာအနီး မေယုတောင်တန်းမှာ မနက် ၈ နာရီလောက်ကစလို့ တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေကတော့ ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်တာက မနက်ကတည်းဖြစ်နေတာပါ။ ရွာသားတွေကတော့ ကြောက်လို့ အားလုံးထွက်ပြေးသွားကြပြီ။ ကိုးတန်ကောက်ရွာ၊ သံချောင်းရွာကို ပြေးနေကြတယ်။ တချို့ကလည်း အခုမရောက်ကြသေးဘူး တောင်ကျော်ပြီး ပြေးလာနေကြတုန်းပဲ။ တိုက်ပွဲကြားမှာ နွားကျောင်းနေတဲ့ ရွာသားတစ်ယောက်လည်း သေသွားတယ်"
တိုက်ပွဲကြား သေဆုံးသွားသူဟာ ချိန်ခါလီရွာသားဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒေသခံတစ်ဦး သေဆုံးပြီး ၃၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီရွာတွေအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေကလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ဒေသခံတွေ အခုလိုပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒီနေ့တိုက်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ AA ပြောခွင့်ရသူနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နှစ်ဖက် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့် တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ သလို ရဲမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ လက်နက်အများအပြား ဖမ်းဆီးရမိ ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။
အဲဒီနောက်ပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲ ဆက်တိုက်ဖြစ်နေတယ် လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ဩဂုတ်လ ၁၂ ရက် မနေ့က အွန်လိုင်းပေါ်ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။