မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လူမှုကူညီရေးတွေဆောင်ရွက်နေတဲ့ စစ်တောင်းလူမှု ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကားတစ်စီး ဇွန် ၉ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်ခံခဲ့ရပြီးနောက် လူနာလိုက်ပို့သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒီအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ဖြစ်ပြီး ခါးကိုကျည်ဆန်တစ်ချက် ထိမှန်ရာကနေ ဆေးရုံပို့ဆောင်ရင်း သေဆုံးခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လူမှုကူညီရေးဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကားသမား တော်လို့၊ ပစ်ပြီဆိုတာနဲ့ အရှိန်တင်မောင်းလိုက်တော့ တော်ရုံမထိဘူး။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ကားသမားဘက်ခြမ်းက ပစ်တာ။ နောက်ဆုံး ကားဘီးအပေါ်နေရာကနေ တစ်ချက်ပဲ ဝင်သွားတာ။ အတွင်းကလူ တစ်ယောက်ပဲ ထိတယ်။ ကားမှာကျည်အပေါက်ရာက တစ်ပေါက်ပဲရှိတယ်"
အဲဒီကကားဟာ ကျိုက်ထိုဆေးရုံကနေ လူနာပို့ပြီးပြန်လာချိန် ည ၉ နာရီခွဲဝန်းကျင် အင်္ဂဘိုကျေးရွာအနီးက သင်္ချိုင်းကုန်းနားအရောက်မှာ ပစ်ခတ်ခံရတာလို့ ကျိုက်ထိုမြို့ နယ်က ပရဟိတလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ကျည်ထိမှန်ခဲ့သူ ကိုပြည့်ဖြိုးအောင်ကို ဆေးရုံပို့ဆောင်ရာမှာလည်း လမ်းကစစ်ဆေးရေး ဂိတ်တွေမှာ ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ကားရှေ့ခန်းမှာ စစ်တောင်းလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ အသင်းသား သုံး ယောက်၊ ကားအနောက်ခန်းမှာ သေဆုံးခဲ့တဲ့ ကိုပြည့်ဖြိုးအောင် အပါအဝင် လူနာလိုက်ပို့သူ နှစ်ယောက် ရှိခဲ့တာဖြစ်ပါတယ်။
ဒီလူနာတင်ကားကို ပစ်ခတ်ခံရတဲ့ အချက်ရေ ၁၅၀ ကျော်ရှိနိုင်ပြီး ကားကိုအရှိန်တင်မောင်း ခဲ့တာကြောင့် ကျည်တစ်ချက်သာ ကားကိုထိမှန်ခဲ့တာလို့လည်း ပရဟိတလုပ်ကိုင်နေသူက ပြောပြပါတယ်။
ဇွန်လ ၁၁ ရက် ဒီနေ့ မနက်မှာတော့ သေဆုံးခဲ့ရတဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်တောင်း ကျေးရွာက သင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပြီး သထုံခရိုင်ထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ ဒါဟာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်ထား ပါတယ်။