အိုးဘိုထောင်တွင်း ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တွေနဲ့ ထောင်ဝန်ထမ်းတွေ စကားများပြီး ရိုက်နှက်ခံခဲ့ရာကနေ အကျဉ်းသားတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါ တယ်။

အကျဉ်းသားတွေကို ထောင်ဝန်ထမ်း ၅၀ လောက်က ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“စကားများတာကို ထောင်ဝန်ထမ်းတွေ သွားခေါ်တယ်။ လူ ၅၀ လောက်ရောက်လာပြီး တခြားအခန်းတွေ သော့ပိတ်ပြီး အဲဒီအခန်းကို ဝင်ရိုက်တယ်။ နောက်စကားများကြတဲ့ သူတွေကို ထောင်ပိုင်ဆီခေါ်သွားတဲ့အချိန် ထောင်ပိုင်က ဓားနဲ့ထိုးတယ်။ အခုတော့ ထောင်ဆေးရုံမှာ တက်နေရတယ်ကြားတယ်။ နောက်ဆက်တွဲ အခြေအနေ ဆက်သွယ် လို့ မရသေးဘူး“

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံထားရပြီး သေဆုံးသွားတဲ့ အကျဉ်းသားရဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကို RFA က မေးမြန်းခဲ့ ရာမှာ အိုးဘိုထောင်မှာ ဒီလိုမျိုးဖြစ်စဉ် ဖြစ်ပွားတာမရှိသလို အကျဉ်းထောင်ထဲမှာ ဒီလိုလုပ် ဆောင်လို့မရဘူးလို့လည်း ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နိုင်ငံရေး အကျဉ်းသား နှစ်ဦး ထောင်ခြံစည်းရိုးကိုကျော်ပြီး လွတ်မြောက်သွားတဲ့နောက် ကျန်ရှိနေတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်ခဲ့တာကြောင့် အကျဉ်း သား ၆၀ လောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထား ပါတယ်။