ကျောက်တော်မှာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ တစ်ထောင်ကျော် ထွက်ပြေးရ


2020.09.01
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာမှာ မနေ့ညနေက ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံးသွားသလို တပ်မတော်စစ်ကြောင်းတွေက အနီးအနားကျေးရွာတွေမှာပါ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် ဒီနေ့မနက်က ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာမှာ မနေ့က တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ အသက် ၄၀ အရွယ် ဦးစိန်သာအောင် ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။

ဦးစိန်သာအောင်ဟာ ညနေ ၆ နာရီလောက်မှာ ကွမ်းစိုက်ခင်းကပြန်လာချိန်မှာ တပ်မတော်စစ်ကြောင်း ရွာထဲကို ရောက်လာပြီး ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးစိန်သာအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“အလယ်ကျွန်း မွတ်စလင်ရွာနားကနေ နှစ်ချက်လှမ်းပစ်တယ်။ အဲဒီလိုပစ်ပြီးတော့ ကျွန်တော်တို့ရွာကို ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာ သူတို့က ရွာကိုပတ်ပြီးတော့ လူတွေကိုရှာပြီးတော့ ဖမ်းတယ်။ အဲလိုဖမ်းနေတုန်း သူကလည်း အလုပ်မှာရှိနေတဲ့အချိန် အိမ်ကိုပြန်လာရာမှာ သူတို့က လှမ်းပစ်ပြီးတော့ ပစ်တာမှာ နှစ်ချက်ထိတယ်။ ဗိုက်နားမှာတစ်ချက်၊ လက်မောင်မှာတစ်ချက် ထိတယ်။ ထိတာနဲ့သူဟာ အိမ်ကိုရောက်အောင်ပြေးလာတယ်။ သူ့အိမ်မှာပဲ ည ၉ နာရီလောက်မှာ ဆုံးသွားတယ်။”

ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကလည်း ဦးစိန်သာအောင်ကို တပ်မတော်က ပစ်ခတ်ခဲ့တယ်ဆိုတာ သက်သေတွေရဲ့ပြောဆိုချက်အရ ဟုတ်မှန်ကြောင်းပြောပါတယ်။

ဒီနေ့မှာတော့ မိသားစုရဲ့ဆန္ဒအရ ဦးစိန်သာအောင်ရဲ့ ရုပ်အလောင်းကို ကျောက်တော် ပြည်သူ့ဆေးရုံမှာ ရင်ခွဲ စစ်ဆေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“ဥပဒေအရ လုပ်နိုင်မယ့်အပိုင်းတွေကို ကျွန်တော်တို့ လုပ်ဖို့ကြိုးစားနေပါတယ်။ အဲဒီအလောင်းကို ကာယကံရှင် မိသားစုတွေက ကျောက်တော်ဆေးရုံက ရင်ခွဲရုံကို ပို့ချင်တဲ့ ဆန္ဒရှိကြောင်း ကျွန်တော်တို့ဆီကို ကမ်းလှမ်းလာပါတယ်။ အဲဒီကြောင့် ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်တဲ့အဖွဲ့တွေနဲ့ ဆွေးနွေးပြီးတော့ ကာယကံရှင်မိသားစု ဖြစ်စေချင်တဲ့ဆန္ဒကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအလောင်းကိုလည်း သယ်ယူဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်နေပါတယ်။ ဒါပေမဲ့ အလောင်းကို သယ်ခွင့်ရမရ ဆိုတာကတော့ ကျွန်တော်တို့ တိတိကျကျ ပြောလို့မရသေးဘူးဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ အတတ်နိုင်ဆုံး ကာယကံရှင်မိသားစုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။”

တပ်မတော်စစ်ကြောင်းဟာ ကျောက်ဂူစုကျေးရွာအပါအဝင် ရွှေပြည်ရွာသစ်၊ ရွှေပြည်ရွာဟောင်းက ကျေးရွာသားတွေကိုပါ ဘုန်းတော်ကြီးကျောင်းတွေမှာ ခေါ်ယူစစ်ဆေးနေသလို လူနေအိမ်တွေကိုပါ မွှေနှောက်ရှာဖွေတာကြောင့် ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေပါ ပျောက်ဆုံးတာတွေရှိနေတယ်လို့ ရွှေပြည်ရွာသားတစ်ဦးက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းက ရိုက်နှက်စစ်ဆေးမှာကိုစိုးရိမ်လို့ ကျောက်ဂူစု၊ ရွှေပြည်ရွာသစ်၊ ရွှေပြည်ရွာဟောင်းနဲ့ အလယ်ကျွန်း စတဲ့ကျေးရွာတွေက ကျေးရွာသား တစ်ထောင်ကျော်လောက်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေပြည်ကျေးရွာသား တစ်ဦးက သူတို့ဟာ မြောက်ဦးမြို့နယ်ထဲက ကျေးရွာတွေဆီကို ဦးတည်ပြီး ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

“ရွှေပြည်သစ်ဆိုတဲ့ရွာရှိတယ် အဲဒါကျွန်တော်တို့ဆီကနေ ခွဲထွက်သွားတဲ့ရွာပါ။ အဲဒီရွာကလူတွေကို အခုဖမ်းခေါ်နေတယ်။ သေနတ်တွေလည်း ဖောက်တယ်။ အခုလည်း သေနတ်ဖောက်နေတယ်။ အခုဖုန်းပြောနေတဲ့အချိန်မှာတောက် သေနတ်ဖောက်နေတုန်းပဲ။ ဘာတစ်ခုမှမဖြစ်ဘဲနဲ့ ဒီနေရာမှာ ဒီလိုပွဲကြမ်းနေတာ ဘာသဘောလဲဆိုတာကို နိုင်ငံတော်က အကြီးအကဲတွေကို သိစေချင်ပါတယ်။ ကျွန်တော့ရှေ့မှာ ထွက်ပြေးနေတဲ့လူတွေက ရွာအရှေ့ဘက်က သရက်တပင်တို့၊ ညောင်ချောင်းတို့ မြောက်ဦးမြို့နယ်ထဲကရွာတွေကို ပြေးနေတာပေါ့။ ကျွန်တော့ရှေ့မှာ ပြေးနေကြတဲ့လူတွေ ဖြူဖွေးနေတာပဲ။ လယ်ကွင်းကန်သင်းတွေပေါ်ကနေ တန်းစီပြီးသွားနေကြတဲ့ လူတန်းရှည်ကို ဓာတ်ပုံရိုက်ပြီးတော့ ပို့လိုက်ချင်ပါတယ်။ ဒါပေမဲ့ အင်တာနက်ကလည်း မရဆိုတော့ ဒီပုံကို ကျွန်တော်တို့ ဘယ်လိုပို့ပေးရမှာလဲ။”

တပ်မတော်စစ်ကြောင်းတွေက အေအေ အဖွဲ့နဲ့ပတ်သက်လို့ သံသယကြောင့် ကျေးရွာတွေထဲကို ဝင်ရောက် စစ်ဆေးနေတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

အဲဒီ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အသံလွှင့်ချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

မနေ့ကတစ်ရက်ထဲမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကြောင်းတစ်ခုက ရောက်ရှိလာပြီးတော့ အသက် ၅၀ ခန့်အရွယ် ဦးရဲကျော်ထွန်း ဆိုတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီး သူ့ရဲ့ဆန်စက်က ဆန်အိတ် ၇၃ အိတ်ကို သိမ်းယူသွားတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ချက်မှာ သူ့ရဲ့နေအိမ်ကနေ AA အဖွဲ့ရဲ့ရိက္ခာအတွက် သိုလှောင်ထားတဲ့ ဆန်အိတ် ၈၀ ကိုတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးရဲကျော်ထွန်းရဲ့ သမီးဖြစ်သူ မဆုလှိုင်ဦးက ရောင်းဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်ဆန်စက်ရုံထဲမှာ ကြိတ်ထားတဲ့ဆန်တွေကို တပ်မတော်က ယူသွားကြတာလို့ပြောပါတယ်။

သူ့ရဲ့အဖေဖြစ်သူဟာ ရိုက်နှက်စစ်ဆေးခံရမှာကို စိုးရိမ်မိကြောင်းလည်း မဆုလှိုင်ဦးက RFA ကိုပြောပါတယ်။

“စပါးကျီတွေကိုပါ စစ်ကြပါတယ်။ အိမ်ထောင်စုစာရင်းတွေကိုလည်း စစ်ပါတယ်။ အိမ်ရှေ့မှာက ဆန်စက်ရှိပါတယ်။ အဲဒီဆန်စက်ကိုပါ စစ်ပါတယ်။ ဆန်စက်ထဲမှာ ရောင်းဖို့အတွက်ကြိတ်ထားတဲ့ ဆန်အိတ်တွေ ရှိပါတယ်။ ရောင်းဖို့အတွက် ကျွန်မတို့ကျီထဲက စပါးကို ကြိတ်ခွဲထားတဲ့ဆန်တွေပါ။ အဲဒါကို မသင်္ကာဖြစ်ပြီးတော့ ဖမ်းခေါ်သွားကြတာ။ ကျွန်မတို့မှာ အမှားလုပ်ထားတာ မရှိတော့ မကြောက်ပါဘူး။ ဒါပေမယ့် ရိုက်နှက် သတ်ပုတ်ပြီး စစ်ဆေးကြမှာကိုတော့ ကြောက်ပါတယ်။”

စပါးထားကျေးရွာမှာ ဆန်စက်လေးလုံးရှိပြီး အဲဒီထဲကမှ ဦးရဲကျော်ထွန်းရဲ့ဆန်စက်ထဲက ဆန်အိတ်တွေ သိမ်းဆည်းခံရပြီး ဆန်စက်ပိုင်ရှင်ပါ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

အဲဒီဆန်အိတ်တွေဟာ AA အဖွဲ့ရဲ့ရိက္ခာအတွက် သိုလှောင်ထားတဲ့ဆန်အိတ်တွေဖြစ်တယ်လို့ တပ်မတော်က စွပ်စွဲတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဦးရဲကျော်ထွန်းက ဆန်စက် လုပ်တဲ့သူ ဖြစ်ကြောင်း၊ ဆန်စက်လုပ်တဲ့သူ ဖြစ်တဲ့အတွက် သူ့အိမ်မှာ ဆန်တွေ့တာကို ဒီဆန်ဟာ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲတာဟာ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ နှိပ်ကွပ်တာလို့ မြင်တယ် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဖြေကြားပါတယ်။

RFA က ကောက်ယူရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ၂၀၂၀ သြဂုတ်လ ၃၁ ရက်နေ့အထိ သေဆုံးသူပေါင်း ၂၈၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၂၀ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။