အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်သူ လေးသောင်းကျော် တရုတ်လွှဲပြောင်းရယူ

၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ လေးသောင်းကျော်ကို တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံသတင်းက ဇန်နဝါရီ ၅ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၄၁,၀၀၀ ကို တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံခဲ့ကြောင်း ဖော်ပြထားပြီး ဒီလူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောမထားပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လကစတင်ပြီး အွန်လိုင်းငွေလိမ်မှုအရေအတွက် ကျဆင်းလာ သလို ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းထိန်းချုပ်မှုမှာလည်း ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ CCTV သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖက်စလုံးကတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်မှာဖြစ်ပြီး တရုတ်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးမှာလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ် နိုင်ငံသား ၁၂,၃၁၆ ဦးကို ပြန်ပို့ခဲ့တယ်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲမှာ တရုတ်နိုင်ငံသားတွေ သောင်းနဲ့ချီပြီး တရားမဝင် နေထိုင်တာ၊ နှစ်အနည်းငယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာတွေအတွက် တရုတ်-မြန်မာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောထားပါတယ်။