ဘိန်းအစားထိုးလုပ်ငန်းတွေ ဖော်ဆောင်ပေးဖို့ ဦးဇခုန်ယိန်းဆောင် ပြော


2017.12.13
opium-kachin-622.jpg ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး နယ်မြေက ဘိန်းစိုက်ခင်းတစ်ခုမှာ ဘိန်းအပင်ပေါက်တွေကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဋ္ဌာနဆိုင်ရာတွေ ပူးပေါင်းဖျက်ဆီးနေကြစဉ်
Photo: Kyaw Myo Min/ RFA

ဘိန်းစိုက်ပျိုးမှု လျော့ကျဖို့အတွက် ဘိန်းခင်းတွေ ဖျက်ဆီးတာအပြင် ဘိန်းစိုက်တောင်သူတွေရဲ့ စားဝတ်နေရေးတွေ အတွက် အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ ဘိန်းအစားထိုးလုပ်ငန်းတွေ ဖော်ဆောင်ပေးဖို့  လိုအပ်ကြောင်း ကချင် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့သား ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် က ပြောပါတယ်။

ကချင်အထူးဒေသ ၁ နယ်မြေအတွင်း မူးယစ်ဆေးဝါးတားဆီးရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ချီဖွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇခုန်ယိန်းဆောင် ကို RFA က ဒီကနေ့ မေးမြန်းချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

"ဒီဒေသမှာ ဘိန်းစိုက်တယ်ဆိုတဲ့စကား ပြောနေမယ့်အစား ဒီဘိန်းပပျောက်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက် မလဲ၊ ဒီဘိန်းစိုက်ရာသီ မရောက်ကတည်းက လာရောက်ပူးပေါင်းပြီးမှ အစားထိုးသီးနှံတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်အောင် လာပူးပေါင်းဆောင်ရွက်ပေးရင်တော့ ဒီထက်ပိုကောင်းမယ်လို့ ကျနော်တို့မြင်တာပေါ့၊ ဖျက်တာ ကတော့ အများနဲ့ပေါ့၊ အကောင်းဆုံးကတော့ အစားထိုးသီးနှံ ဘယ်လိုလုပ်ပေးမလဲ၊ သူတို့ဝင်ငွေရအောင် ကျနော်တို့ ဘယ်လိုဝိုင်းလုပ်ပေးမလဲ၊ ဒါက အဓိကအရေးကြီးပါတယ်"

ဒါ့အပြင် ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးနယ်မြေမှာ အစိုးရရဲ့ မူဝါဒတွေအတိုင်း ဘိန်းဖျက်ဆီးရေး အပါအဝင် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးတွေကို ဆောင်ရွက်မယ့် အစိုးရအပါအဝင် ဘယ်လိုအဖွဲ့ အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ထာဝရငြိမ်းချမ်းရေးနယ်မြေမှာ စိုက်ပျိုးရေ၊ စက်မှုလက်မှု၊ မွေးမြူးရေးလုပ်ငန်းတွေ မှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီနှစ်အတွင်းမှာ လူအယောက် ၆၀ ကျော်ကို တရုတ်နိုင်ငံကို ပို့ဆောင်ပြီး သင်တန်းတက်ဖို့ စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်ပြည်နဲ့ ထိစပ်နေတဲ့ ပန်ဝါ၊ ကန်ပိုက်တီ၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော် စတဲ့ ဒေသတွေဘက်မှာ အစိုးရက နှစ်စဉ်လိုလို ဘိန်းခင်းဖျက်ဆီးရေးတွေကို ဆောင်ရွက်နေတာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။