စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကုန်းမော်ရွာနဲ့ လက်ပံတောရွာတို့ ဇွန်လ ၁၃ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ မီးဝင်ရှို့သွားတာကြောင့် နှစ်ရွာပေါင်း နေအိမ်နဲ့ အဆောက်အအုံ ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကုန်းမော်ရွာက လူနေအိမ် ၄၈ လုံးနဲ့ လက်ပံတောရွာက လူနေအိမ် ၂၈ လုံး အပါအဝင် နှစ်ရွာပေါင်း နွားစာတိုက်နဲ့ နွားဇောင်း ၂၅ လုံး၊ စုစုပေါင်းအဆောက်အအုံ ၁၀၁ လုံး မီးလောင်ဆုံးရှုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကုန်းမော်ရွာက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ပေါင်နဲ့ ခြေသလုံးမှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သလို အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း မျက်ခုံးပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကုန်းမော်နဲ့ လက်ပံတောရွာတွေအနားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ အရင်က နယ်မြေလှုပ်ရှားမှုရှိပေမယ့် ဒီနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာလို့ အဲဒီဒေသခံက အခိုင်အမာပြောပါတယ်။
မီးလောင်မှုကြောင့် နွားခြောက်ကောင်နဲ့ ဝက်အကောင် ၂၀ ဝန်းကျင် မီးလောင်သေဆုံး ခဲ့သလို ပျောက်ဆုံးနေတာတွေလည်းရှိတာကြောင့် အရေအတွက် အတိအကျကို လတ်တလော မပြောနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အိမ်ခြေ ၉၀ ကျော်ရှိတဲ့ ကုန်းမော်ရွာနဲ့ အိမ်ခြေ ၄၀ ဝန်းကျင်ရှိတဲ့ လက်ပံတောရွာက ဒေသခံ ၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာရွာတွေဆီ ထွက်ပြေးခိုလှုံ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ ညနေ ၆ နာရီခန့်အထိ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်နက်ကိုင်ဆန့်ကျင်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ နေ့စဉ်နီးပါး ရွာတွေ မီးရှို့ဖျက်ဆီးခံနေရပေမယ့် စစ်ကောင်စီအပါအဝင် ဘယ်အဖွဲ့အစည်း ကမှ ထုတ်ဖော်ဝန်ခံတာ မရှိသေးပါဘူး။