ရွှေဘိုမြို့နယ်မှာ ရွာရှစ်ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ကြီးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် ဒီနေ့ မနက်က ဝင်ရောက်လာတာကြောင့် ဆည်ကြီးရွာအပါအဝင် တကန်သာ၊ ဂွေးကုန်း၊ ကြိုးကြာ၊ ကံကြီးတော၊ တအုံ၊ မောင်းတက်၊ သပြေသစ်ချိုစတဲ့ ကျေးရွာ ရှစ်ရွာက ဒေသခံ တစ်သောင်းကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မောင်းတက်ရွာဘက်ကနေ ရောက်ရှိလာတာဖြစ်ပြီး ဆည်ကြီးရွာမှာ နေအိမ်တွေ မီးရှို့ခံရတာတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီစစ်ကြောင်းက စစ်သားနည်းနည်းနဲ့ ပျူတွေပါတာ။ သူတို့လာတော့ အကုန် ထွက်ပြေး ကြရတာပါပဲ။ တောတွေထဲ ပြေးနေကြရတယ်။ လူတွေမရှိတော့ မီးရှို့တယ်။ ဘယ်လောက်ပါသွားလဲ မသိသေးဘူး။ အနားလည်း ကပ်မရဘူး။ စစ်သားတွေ အဲဒီနားမှာ ရှိနေသေးတယ်"

မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။ စစ်ကြောင်းဝင်ရောက်နေတဲ့ ဆည်ကြီးရွာက ဒေသခံ သုံးဦးပါ ဖမ်းဆီးခံထားရတယ်လို့လည်း သူကပြောပါတယ်။

အဲဒီစစ်ကြောင်း ဆည်ကြီးရွာက ပြန်အထွက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၁၀ မိနစ် အနည်းငယ်အကြာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ရွှေဘိုမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို အရပ်သားတွေအပေါ် ထိခိုက်အောင် ဘယ်လိုနည်းနဲ့မှလုပ်မှာမဟုတ်ကြောင်း ယခင်က တုံ့ပြန်ပြောဆိုထား ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ ရွှေဘိုမြို့နယ်အတွင်း မှာ စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။