ဘုတလင်မြို့ ရွာမွန်ရွာမှာ အိမ် ၅၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ရွာမွန်ရွာကို ဇွန်လ ၁၈ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၅၀၀ ကျော် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူတောရွာမှာ တပ်စွဲထားတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဟာ မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိခဲ့ဘဲ ရွာကိုမီးရှို့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦး က RFA ကို ပြောပါတယ်။

"စစ်သားတွေက ရွာမွန်ရွာနဲ့ကပ်ရပ် ကူတောရွာမှာ တပ်စွဲထားတာကြာပြီ၊ အဲဒီမှာ အထိုင်ချမယ့် သဘောရှိတယ်။ ဟတ်စကီးကွင်းတွေလည်း လုပ်နေတယ်။ အဲဒီနေ့က တိုက်ပွဲလည်းမရှိဘဲ ရွာထဲကိုဝင်လာပြီး ပစ္စည်းတွေသယ်သွားပြီး မီးရှို့သွားတာ၊ တစ်ရွာလုံးနီးပါး ပါသွားတာမို့ ရွာကိုဘယ်သူမှ မပြန်နိုင်တော့ဘူး၊ အကုန်လုံးက မီးလောင်ပြင်ကြီး ဖြစ်နေတယ်"

အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ရွာမွန်ရွာမှာ အခုဆိုရင် နေအိမ်အနည်းငယ်သာ ကျန်တော့ပြီး လတ်တလောမှာတော့ မီးဘေးသင့်ခံရတဲ့ရွာသားတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

ရွာထဲကဆန်စက်ကနေ ဆန်အိတ်တွေလည်း သယ်ယူသွားကြပြီး ရွာသား ၁၀ ဦးကျော် ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း မောင်းထောင်ရွာက နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်ကြောင့် နေအိမ်စုစုပေါင်း ၁၈,၈၈၆ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်း က အများဆုံးဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။