မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ဩဂုတ်လဆန်းပိုင်း စစ်ကောင်စီတပ် တွေ ဝင်ရောက်လာပြီးနောက်ပိုင်း ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ ဆင်တဲအုပ်စု၊ နွယ်နီအုပ်စု၊ ရေယှားအုပ်စုနဲ့ နေရင်းအုပ်စုတွေ က အများဆုံးလို့ ရေလယ်ကျွန်းဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၅ ရက် ဒီနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်မှာလည်း ဆင်တဲအုပ်စု လှေခုတ်ရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အဲဒီဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ရေလယ်ကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ ၁၁ နာရီထိုးကို (လှေခုတ်ရွာ) တစ်ရွာလုံး ထွက်ပေးပါလို့ ပြောပြီး သူတို့မီးရှို့ သွားတာ။ ဒီမှာကတော့ ပြေးလွှားနေရတာ တောထဲမှာပဲ။ အခု လက်ရှိအနေအထားအရ နောက်ထပ် ရှေ့ဆက်သွားမယ်ဆို အကုန်လုံး ငတ်သေမှာ"
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အိမ်ခြေ ၂၈၃ လုံးရှိတဲ့ လှေခုတ်ရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၀ ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ RFA က သတင်းရရှိတဲ့ နေ့လယ် ၁ နာရီဝန်းကျင်အထိ မီးလောင်ကျွမ်းနေတဲ့ အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကိုတော့ မသိနိုင်သေးပါဘူး။
ဩဂုတ်လ ၁၃ ရက်နေ့ကတည်းက ဆင်တဲအုပ်စုထဲက ရွာတစ်ရွာကနေ ထွက်ပြေးလာရတဲ့ ဒေသခံတစ်ဦးကလည်း လက်ရှိမှာ စားနပ်ရိက္ခာနဲ့ လုံခြုံရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
"အခုအချိန်အထိ ကျနော်တို့ ထမင်းလည်း မစားရသေးဘူးပေါ့ဗျာ။ ပြေးလွှားရှောင်တိမ်း နေရတာ။ ကျနော်တို့ရွာကတော့ မီးရှို့ခံရတာ နေအိမ် တစ်အိမ် ပါသွားတယ်။ စစ်ဘေးရှောင်က ပျမ်းမျှဆိုရင် ခြောက်ထောင်ကျော်လောက် ရှိတယ်။ တစ်နေရာတည်း စုနေတာ မဟုတ်ဘူး။ အဆင်ပြေတဲ့ နေရာလေးတွေ နေကြရတာကိုဗျ"
စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ရဲ့ မူလနေရပ် ရွာနာမည်တွေကို လုံခြုံရေးအရ သုံးနှုန်းဖို့ ငြင်းဆိုထားကြသလို သူတို့ဖြေကြားမှုကြောင့် ရွာတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးမှု ပိုလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၈၀ လောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစပြီး ရေလယ်ကျွန်းဒေသရွာတွေထဲ ဝင်ရောက်လာပြီး မင်းရွာ၊ ရေယှားရွာနဲ့ လှေခုတ်ရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကတော့ ငတရော်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။