ပန်းတောင်း-တောင်ကုတ်လမ်း ရိုးမပေါ်ကို စစ်ကောင်စီ အင်အားဖြည့်
2025.01.30

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပန်းတောင်း-တောင်ကုတ်လမ်းက စစ်ကောင်စီရဲ့ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးတဲ့နောက် ပဲခူးတိုင်းဘက်အခြမ်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း AA ရဲ့ ထိုးစစ်ကို ကာကွယ်ဖို့အတွက် ရာနဲ့ချီတဲ့ အင်အားတွေ ထပ်မံ စေလွှတ်နေတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြောပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့က ဥသျှစ်ပင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ရိုးမပေါ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး စစ်အင်အားတချို့ ထပ်မံပို့ဆောင်နေတာလည်း တွေ့ရတယ်လို့ ဥသျှစ်ပင်ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က မနက်ပိုင်း ဥသျှစ်ပင်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ပြီးတော့ ရိုးမပေါ်ကို စစ်ကြောင်းတက်တယ်။ အခုမနက်တော့ လက်နက်ကြီးသံ မကြားရဘူး"
တိုက်ပွဲကြောင့် ပန်းတောင်း-တောင်ကုတ်လမ်း ရိုးမပေါ်မှာရှိတဲ့ ကျွဲကြီး၊ ကျွဲလေး၊ ပုဂံကွဲ၊ ကုလားလက်တို၊ လေးအိမ်စု၊ ညောင်ကျိုး စတဲ့ရွာတွေက ဒေသခံတွေ ဥသျှစ်ပင်မြို့ပေါ်အထိ ကြိုတင် တိမ်းရှောင်လာကြတယ်လို့ ဆိုပါတယ်။
ရိုးမပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ စုပေါင်းစစ်ဆေးရေးဂိတ်ရှိတဲ့ ညောင်ကျိုးရွာနဲ့ နေရာတချို့မှာ စစ်ကောင်စီတပ်က အခိုင်အမာ ခံစစ်ပြင်ထားပြီလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
"အခု ညောင်ကျိုးနဲ့ ချင်းကုန်းမှာ အမြောက်တပ်ကို အင်အားဖြည့်လာတယ်။ တင့်ကားတွေ ပါတယ်။ လက်နက်ကြီးတွေဆင်ထားတဲ့ ကားကြီးတွေ ပါလာတယ်"
စစ်ကောင်စီတပ်က ရခိုင်ရိုးမတောင်ခြေ ညောင်ခြေထောက်ရွာအနီးမှာရှိတဲ့ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) မှာ အင်အားတွေစုဖွဲ့ပြီး တိုက်ပွဲဖြစ်ရာနေရာကို စစ်ကူစစ်ကြောင်းတွေ စေလွှတ်တာ၊ ရိုးမတောထဲမှာ လှည့်လည်စစ်ကြောင်းထိုးတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ရိုးမနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီ တပ်စခန်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ရခိုင်ရိုးမတောင်တန်းပေါ်မှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။