ပခုက္ကူ ဂဝံလေးတိုင်ရွာ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းဆရာတစ်ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ရွာ စာသင်ကျောင်းကို မတ်လ ၁၃ ရက် မနေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးချခဲ့တာကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် CDM ကျောင်းဆရာတစ်ဦး သေဆုံးပြီး ပအဖ အဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစည်းအဝေးပြုလုပ်မယ့် နေရာကို သတင်းရပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဗုံးနှစ်လုံးချတယ်၊ စက်သေနတ်ပစ်တယ်။ ကျွန်တော်တို့လည်း လုံခြုံရေးကို တော်တော်လေး စိတ်ချရအောင် လုပ်ပြီးမှ အစည်းအဝေးကို စီစဥ်ခဲ့တာ။ ဒါပေမဲ့ အခုလိုဖြစ်တာက သတင်းပေးကြောင့်လို့ သုံးသပ်တာပေါ့။ ကံကောင်းသွားတယ်လို့လည်း ပြောရမယ်။ တကယ် အစည်းအဝေးမစခင် စုံစုံလင်လင် မရှိသေးတဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့"

ထိခိုက်ဒဏ်ရခဲ့တဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မနေ့က ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေနံချက်ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်မိသားစုတည်းကနေ ကလေး တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။