ပခုက္ကူမြို့ အောင်သာရွာတိုက်ပွဲမှာ ကျောင်းအုပ်အပါအဝင် ဒေသခံသုံးဦး သေဆုံး
2024.07.18
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာမှာ ဇူလိုင်လ ၁၇ ရက် မနက်က တိုက်ပွဲဖြစ်ခဲ့ပြီး မူလတန်းကျောင်းအုပ်အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ဆယ်ဦးခန့်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ငါးဆယ်လောက်ကို မြိုင်၊ ပေါက်နဲ့ ပခုက္ကူ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ပွဲကြား အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ အရပ်သားတွေ သေဆုံးခဲ့တာလို့ ပခုက္ကူအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့က ရွာထဲဝင် ပစ်ခတ်တဲ့အချိန်မှာတော့ အပြန်အလှန် ပစ်ခတ်ကြတာပဲ။ ကျွန်တော်တို့က ရှင်းရှင်းလေးပဲ၊ လက်နက်ကိုင်မထားရင် မသတ်ဘူးဗျာ။ လက်နက်ကိုင်ထားရင်တောင် လက်နက်ချရင် ဖမ်းဆီးထိန်းသိမ်းတာတော့ ရှိတယ်။ ကျွန်တော်တို့ဘက်က ပစ်တာ မဖြစ်နိုင်ဘူး။ သူ့ဘက် ကိုယ့်ဘက် ကျည်မှန်တာ ဖြစ်မယ်။ လက်နက်ကြီးကျတာကြောင့်လည်း ဖြစ်မှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ အပြစ်မဲ့ ပြည်သူကို ပစ်သတ်ခဲ့တာ မရှိပါဘူးဗျ"
တိုက်ပွဲအတွင်း ဆယ်ဦးနဲ့ သေနတ် ၁၁ လက် ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် မူလတန်းကျောင်အုပ်ဆရာမတစ်ဦး အပါအဝင် ဒေသခံသုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။