ပုလောက စစ်ကောင်စီတပ်စခန်းကို KNU ထိန်းချုပ်
2024.08.01
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၇)ရဲ့ တပ်ခွဲ့(၅) တပ်ဖွဲ့ဝင်တွေဟာ ပုလောကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အတွက် အဓိကကျတဲ့ လက်နက်ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့ပြီးနောက် အဲဒီစစ်ကောင်စီ တပ်သားတွေဟာ ဇူလိုင်လ ၂၉ ရက်နေ့က စခန်းစွန့်ခွာသွားတာလို့ ဆိုပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNU ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ မဖော်ပြပါဘူး။
စခန်းစွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းမှုစတင်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ပုလောကုန်းရွာအတွင်း အခြေချတပ်စွဲခဲ့တာပါ။
တပ်စွဲထားတဲ့ကာလအတွင်း စစ်ဆေးရေးဂိတ်တွေချပြီး ပြည်သူတွေဆီက ငွေကြေးတောင်းခံတာ၊ အကြောင်းမဲ့ဖမ်းဆီးတာနဲ့ အနှောင့်အယှက်ပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီက စစ်ကောင်စီတပ်စခန်းအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။