ပုလဲမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ
2024.08.27
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ သြဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကြောင့် လူငါးထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အင်မထီးကျေးရွာအနီးမှာ တပ်စွဲအထိုင်ချထားပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် သာယာကုန်း၊ သပြေကုန်း၊ တလိုင်းကန် ရွာတွေအပါအဝင် ရွာကိုးရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ဒေသခံတွေဟာ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“သြဂုတ်လ ၂၅ ရက်နေ့မှာ ကာကွယ်ရေးအင်အားစုတွေက ထိုးစစ်ဆင် ဝင်ရောက်မှုတွေရှိလာပြီးနောက်ပိုင်း စစ်ကောင်စီက နေ့လယ် နှစ်နာရီခွဲဝန်းကျင်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူလုပ်တယ်။ အဲဒီအနားက ကျေးရွာတွေထဲ ကျည်ကျသွားတာရှိတယ်။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်သွားတယ်"
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာ လယ်စောင့်တဲတွေနဲ့ ယာယီတဲတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မိုးရွာသီမှာ ထွက်ပြေးနေရတဲ့အတွက် သက်ကြီးရွယ်အိုတွေ နေထိုင်စားသောက်ရေး အခက်အခဲကြုံရတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော် ရှိနေပါတယ်။