ပုလဲမြို့ လက်ပုကန်ရွာ ဝင်စီးနင်းခံရပြီး သက်ကြီးရွယ်အိုသုံးဦး သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာကို ဇွန်လ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် အသက် ၇၀ နဲ့ ၈၀ အရွယ်တွေရှိကြတဲ့ အရပ်သား သုံးဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ လက်ပုကန်ရွာက အသက် ၇၀ ကျော် ဒေါ်အေးမာန်၊ အသက် ၈၀ ကျော် ဦးပေါ်နဲ့ အသက် ၇၀ ကျော် ဦးကျောင်းမောင်တို့ ဖြစ်ကြပြီး ကြိုးတုပ်လျက် သေဆုံးနေတာကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

"မိပြီးမှ သတ်တာခင်ဗျ။ ဒေါ်အေးမာန်ဆိုတဲ့ ဘွားတော်ဆိုရင် ဘယ်မှမသွားနိုင်ဘူး။ သူ့ကို မသယ်နိုင်လို့ ကျန်တဲ့သူတွေ ပြေးသွားချိန်မှာ အိပ်ရာထဲမှာ အသတ်ခံလိုက်ရတာ။ နောက်တစ်ခါ ဦးပေါ်ကလည်း မျက်စိမှုန်တယ်ဗျ။ အဲဒီသူလည်း ကြိုးနဲ့တုပ်ပြီး အသတ်ခံရတာ။ ဦးကျောင်းမောင်ကလည်း နားမကောင်းဘူး။ စစ်ကောင်စီတပ် ထွက်လာပြီးနောက် ပြန်လည်ရှင်းလင်းရေးလုပ်တဲ့အခါမှာ ဒီအလောင်းတွေကို ရွာထဲမှာ တွေ့ခဲ့ရတယ်ခင်ဗျ"

အဲဒီသုံးဦးအပြင် လက်ပုကန်ရွာသား၊ အသက် ၃၀ အရွယ် ကိုနိုင်ဟာ ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ သူက ဆိုပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ လက်ပုကန်အုပ်စုထဲက ကုက္ကိုကုန်းရွာကိုလည်း စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၃ နှစ်အရွယ် ဦးပေါစံဟာ ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး အဲဒီရွာက နွား သုံးကောင် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန် လာတာမျိုး မရှိသေးပါဘူး။

ဒီရွာတွေကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၀ ရက်နေ့က ပုလဲမြို့နယ်၊ ပုံတောင်နတ်ထိပ် ရွာအနီးကို ကားအစီးရေ ၁၀၇ စီး၊ မြေပြင်မိုင်းရှင်းလင်းတဲ့ အဖွဲ့ အပါအဝင် ခြေလျင်လမ်းလျှောက်လာတဲ့ စစ်သား ၁၇၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ကျားသစ်နက်တပ်ဖွဲ့က ဆရာဖိုးသားက ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့တုန်းကလည်း ကျားသစ်နက်တပ်ဖွဲ့က ဒီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၀ ဦးဝန်းကျင် သေဆုံးနိုင်သလို ကျားသစ်နက် တပ်ဖွဲ့ဘက်က သေဆုံးသူ နှစ်ဦး ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကျားသစ်နက်တပ်ဖွဲ့ အကြား တိုက်ပွဲပေါင်း ၃၁ ပွဲရှိခဲ့တယ်လို့ ကျားသစ်နက်တပ်ဖွဲ့က ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။