စစ်ကိုင်းတိုင်းထဲကို အင်အားဖြည့်တင်းဖို့လာတဲ့ ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို အောက်တို ဘာလ ၄ ရက် ဒီနေ့မနက်ပိုင်း ပုလဲမြို့နယ်ထဲအရောက်မှာ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၂၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပုလဲ PDF က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ကားငါးစီးထက်မနည်း ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းရှိတယ်လို့ ပုလဲ PDF က ဆိုပါတယ်။
"စစ်တပ်က စားနပ်ရိက္ခာတွေပါ သယ်လာတဲ့ယာဉ်တန်းကို ပိတောက်ကုန်းလမ်းခွဲ အနောက်ဘက် ကိုးလောင်းပြိုင်ကွေ့နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ကားတွေဆက်ထွက်မရတော့ အဲဒီနားမှာပဲ ရပ်နားနေတယ်၊ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ ဒေသခံအဖွဲ့တွေ နောက်ပြန် ဆုတ်နေကြတယ်၊ အခုထိတော့ ဒေသခံတွေဘက်က ထိခိုက်မှုမရှိသေးဘူး" လို့ ပုလဲ PDF အဖွဲ့ဝင် ဗိုလ်နဂါးက ပြောပါတယ်။
လက်ရှိမှာတော့ နဂါးမတောင်အနားမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့လည်း ဒေသခံအချို့က RFA ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
အောက်တိုဘာလ ၃ ရက်မနေ့ကလည်း ပုလဲမြို့၊ ၀န်ပြင်ရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး ခဲ့တယ်လို့ ပုလဲ PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ပုလဲမြို့နယ်မှာ မနေ့က မိုင်းဆွဲခံရတာတစ်ခုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ ဒီနေ့မနက် အစီး ၈၀ ကျော် ယာဉ်တန်းကိစ္စလည်း သေချာမသိသေးဘူးလို့ RFA ကို ပြန်လည်ဖြေဆိုပါတယ်။