ပလက်ဝမှာ ရေလမ်းခရီးသွားလာမှု တင်းကျပ်ကန့်သတ်ခံထားရ

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ကောင်စီက ကုလားတန်မြစ်ကြောင်းသွားလာမှုကို ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဒီနေ့အထိ တင်းကျပ်ကန့်သတ်ခံထားရတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်သွယ်သွားလာရေးမှာ အဓိကကျတဲ့ ရေလမ်းကြောင်းကို ပိတ်ထားတဲ့အတွက် အခြေခံ စားသုံးကုန်စျေးနှုန်း တွေလည်း နှစ်ဆနီးပါးလောက် တက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ပလက်ဝမြို့မှာ ဓာတ်ဆီဝယ်ဖို့တောင် မရှိတော့ဘူး။ ဆန်လည်းမရှိ ဒီပလက်ဝမြို့နယ်က စိုက်ထားတဲ့ တောင်ယာစပါးရှိတဲ့သူတွေက စပါးကို ကြိတ်ပြီးတော့ အိတ်အသေးလေး တစ်အိတ်ကို ၄၀,၀၀၀ နဲ့ ရောင်းကြတယ်။ ပြည်မကပို့လာတဲ့ ဆန်တွေကို တစ်အိတ် တစ်သိန်းနဲ့ ဝယ်ဖို့တောင် ဆန်ကမရှိဘူး"

လက်ရှိမှာ ပလက်၀မြို့မှာ ကြက်ဥတစ်လုံးကို ကျပ် ၁၀၀၀ အထိ စျေးတက်နေသလို ဓာတ်ဆီတစ်လီတာကို လည်း ကျပ် ၇၀၀၀ ခန့်ထိ တက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတ်ဆီတွေ လိုသလောက်ဝယ်လို့မရဘဲ ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ ကုန်ပစ္စည်းတွေအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အဓိက မှီခိုနေရပေမယ့် အဓိကကျတဲ့ ရေလမ်းကို ပိတ်ထားတာကြောင့် အခက်အခဲတွေ ပိုကြုံနေ ကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း နေ့စဉ် ကြားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။