ကရင်လူထု ငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့မှာ ကျင်းပ

ပြည်ထောင်စုအစိုးရနဲ့ ကေအဲန်ယူ ကရင်အမျိူးသားအစည်းအရုံးတို့ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုဆိုတဲ့ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်က အားကစားကွင်းမှာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်။

2013.02.11
karen_support_knu_peace_process_305.jpg အစိုးရနဲ့ KNU ကရင်အမျိူးသားအစည်းအရုံးတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုဆိုထောက်ခံတဲ့ပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပန်းတနော်မြို့ အားကစားကွင်းမှာ ကျင်းပခဲ့စဉ်
Photo: RFA/Moe Thu Aung

ဒီငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့နယ်မှာ စတင်ကျင်းပခဲ့တာနဲ့ ပက်သက်ပြီး ပန်းတနော်မြို့နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းသိန်းလှက -

“ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒီကြိုဆိုထောက်ခံပွဲဆိုတာ တစ်နိုင်ငံလုံးမှာ ဘယ်မှာမှမရှိပါဘူး၊ ပန်းတနော် မြို့နယ်မှာရှိတဲ့ ဒီစာပေယဉ်ကျေးမှု ကော်မတီက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ဒါကို ရဲရဲရင့်ရင့် ရှေ့ကနေထွက်ပြီးတော့ ဒီလိုဆောင်ရွက်လိုက်တဲ့အတွက် ခွင့်ပြုချက်ရတယ်၊ ဧရာဝတီတိုင်းမှာရှိတဲ့ ကျန်တဲ့မြို့နယ် ၁၀ မြို့နယ်လောက်က ပန်းတနော် မြို့နယ်ရဲ့ ဦးဆောင်မှုအောက်ကို ဒီငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကိုပါဝင်ပြီးတော့ တက်ရောက်ခဲ့တဲ့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်”

ဒီကနေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြိုဆိုထောက်ခံပွဲကို ကရင်အမျိုးသားအစည်းအရုံးဘက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နဲ့ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကိုနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရာရှိတချို့လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး တို့အကြား ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲအား ထောက်ခံတဲ့အဆိုကို ပိုးကရင်၊ စကောကရင်၊ ဗမာ သုံးဘာသာနဲ့ ဖတ်ကြားတင်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။