ပန်ဝါမြို့အနီးက တိုက်ပွဲကြောင့် တရုတ်နယ်စပ်မှာ လူတစ်ထောင်ခန့် ပိတ်မိနေ

RFA Burmese
2024.10.18
ပန်ဝါမြို့အနီးက တိုက်ပွဲကြောင့် တရုတ်နယ်စပ်မှာ လူတစ်ထောင်ခန့် ပိတ်မိနေ ပန်ဝါမြို့ရှိ တရုတ်နယ်စပ်ဂိတ်တွင် ပိတ်မိနေသူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဝါမြို့အနီးအထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံဖို့အတွက် ကြိုစားနေတဲ့ ဒေသခံတွေနဲ့ မြေရှားသတ္တုတူးဖော်ရေး အလုပ်သမား စုစုပေါင်း တစ်ထောင်ဝန်းကျင်ဟာ တရုတ်နယ်စပ်အနီးမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတာကြောင့် အောက်တိုဘာလ ၁၇ ရက် မနေ့ကစလို့ ပန်၀ါမြို့က တရုတ်နယ်စပ် ဝင်ပေါက်နေရာမှာ တရုတ်နိုင်ငံဘက်က ဂိတ်ကိုမဖွင့်ပေးတဲ့အတွက် ပိတ်မိနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်တွေက မဖွင့်ပေးဘူး မနေ့ညကတည်းက ဒီနေ့အထိ စောင့်နေကြတာ။ အကုန်လုံးနယ်စပ်မှာပဲ တဲတွေထိုးပြီး အိပ်ကြတာ။ နယ်စပ်ဝင်ပေါက်မှာ အကုန်လုံးပဲ။ လူတွေပြည့်ကျပ်နေတာပဲ။ ချန်းယင်းကူးကိုက သိမ်းလိုက်ပြီ၊ အခု ပန်ဝါနားရောက်နေပြီ။ ဒီပန်ဝါတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်။ အခုက ပန်ဝါနားမှာ ချောင်းရှိတယ်။ အဲဒီချောင်းနားမှာ တိုက်ပွဲရောက်လာလို့ အကုန်လုံးထွက်ပြေးနေကြတယ်။ အဲဒီချောင်းအနားမှာ ပစ်နေကြတာ။ ပြန်လို့လည်းမရဘူး”

တရုတ်နိုင်ငံထဲကိုမဟုတ်ဘဲ ပန်ဝါကနေ ချီဖွေ-မြစ်ကြီးနားလမ်းအတိုင်း ထွက်ပြေးဖို့အတွက်လည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပြီး ကားလမ်းတွေလည်း ပိတ်နေတာကြောင့် သွားလို့မရသေးဘူးလို့ သူက ပြောပါတယ်။

နယ်စပ်မှာပိတ်မိနေတာအပြင် တချို့ကတော့ တောတောင်တွေထဲက တိုက်ပွဲလွတ်နိုင်မဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းလို နေရာမျိုးတွေမှာ ခိုလှုံနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပန်ဝါမြို့အထွက် တစ်မိုင်ခန့်ဝေးတဲ့နေရာမှာ ဒီနေ့မနက် ၆ နာရီခန့်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း ပန်၀ါမြို့ခံတွေက ပြောပါတယ်။

ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ ချန်းယင်းကူးရွာမှာ တပ်စွဲထားတဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပူးပေါင်းဂိတ်စခန်းတွေနေရာအထိတော့ KIA က သိမ်းပိုက်ထားနိုင်ပြီး လတ်တလော တိုက်ပွဲအသေးစိတ်ကိုတော့ မသိရသေးဘူလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ပန်ဝါဘက်က တိုက်ပွဲမှာ ချန်းယင်းကူးကို နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုတာတော့ ကြားပါတယ်။ တခြားတိုက်ပွဲသတင်းတွေ မကြားသေးဘူး”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တရုတ်နိုင်ငံနယ်စပ် ကန်ပိုက်တီမြို့ကို လုံခြုံရေးယူထားပေးတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၁၇ ရက်နေ့က စတင်ပြီး တိုက်ခိုက်နေတယ်လို့ ကန်ပိုက်တီဒေသခံတွေက ပြောပါတယ်။

တရုတ် - မြန်မာ နယ်စပ် ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ပန်ဝါမြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။