ဖရူဆိုမြို့ကို သွားလာခွင့်ပိတ်ကြောင်း ကရင်နီပြည်နယ်အစိုးရအဖွဲ့ထုတ်ပြန်

RFA Burmese
2022.11.28
ဖရူဆိုမြို့ကို သွားလာခွင့်ပိတ်ကြောင်း ကရင်နီပြည်နယ်အစိုးရအဖွဲ့ထုတ်ပြန် ဖရူဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့တွင် တွေ့ရစဉ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

ကယားပြည်နယ် ဖရူဆိုမြို့အတွင်းကို နိုဝင်ဘာလ ၂၈ရက်နေ့ ဒီကနေ့က စလို့ ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ကြောင်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ကရင်နီပြည်နယ်အစိုးရအဖွဲ့က နိုဝင်ဘာလ ၂၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လမ်းပိတ်ထားတဲ့ကာလအတွင်း ဝင်ထွက်သွားလာတာကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ သွားလာနိုင်မယ့်အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ ကရင်နီပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဘာကြောင့်အခုလို သွားလာခွင့်ပိတ်လိုက်တယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိသလို ကရင်နီပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဖရူဆိုမြို့က စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့ခံ အများစုဟာ မြို့အနောက်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့တောတောင်တွေကို ကာလကြာရှည် စစ်ဘေးတိမ်းရှောင်ခဲ့ကြတာကနေ နေအိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်တဲ့သူတွေ များလာတဲ့အတွက် မိုင်းနဲ့တခြားအန္တရာယ်တွေကြောင့် အခုလိုကန့်သတ် တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖရူဆိုမြို့မှာ စစ်တပ်နှစ်ခုရှိတယ်။ အာဏာသိမ်းပြီးကတည်းက မြို့ခံအများစုက စစ်ဘေးရှောင်နေကြတာ။ စစ်တပ်နဲ့နီးစပ်သူတွေလောက်ပဲကျန်ခဲ့တာရှိတယ်။ တိုက်ပွဲဖြစ်ထားလို့ မိုင်းအန္တရာယ်ရှိတာကော စစ်တပ်က အင်အားဖြည့်နေတာလည်းရှိတော့ သွားလာခွင့်ပိတ်လိုက်တာထင်တယ်”

ဒီထုတ်ပြန်ချက်ရဲ့နောက်ဆက်တွဲအနေနဲ့ ဒေသအတွင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာလိမ့်မယ်လို့ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက သုံးသပ်ပါတယ်။

kayah refugees - ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ.jpeg
ဖရူဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ)

ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုစစ်ဦးစီဖြစ်တဲ့ ကိုမာဝီကတော့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ပြောပါတယ်။

ကရင်နီပြည်နယ်အစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့အချို့နဲ့ ဝန်ကြီးဌာနတွေကို မိတ္တူပေးပို့ထားတာကိုတွေ့ရပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီနေ့ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ် ပြန်လည်ဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။