စစ်ကိုင်းတိုင်း မြင်းမူမြို့ ဂွေးပင်တောရွာအနီး မုံရွာကားလမ်းပေါ်မှာ ဩဂုတ် ၁၂ ရက်နေ့က ခရီးသည်တင်ကားကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ် ပါသူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ မြင်းမူမြို့ခံတွေက ပြောပါတယ်။
အဲဒီကားဟာ ရန်ကုန် - မုံရွာ ပြေးဆွဲနေတဲ့ Elite Express ယာဉ်လိုင်းကဖြစ်သလို ရန်ကုန် မြို့ကနေ ၁၁ ရက်နေ့ ညနေပိုင်းထွက်လာပြီး နောက်နေ့မနက် အစောပိုင်း ဂွေးပင်တောရွာ နားအရောက် ဖောက်ခွဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ခရီးသည် ၁၂ ဦးကိုတော့ မိသားစုတွေ လာခေါ်တာကြောင့် နောက်နေ့မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီကို ထောက်ပို့လုပ်နေတဲ့ ကားဆိုပြီးတော့ နာမည်ထွက်နေတာ။ အဲဒါ ကြောင့် ကားကို မိုင်း နှစ်လုံး ခွဲလိုက်တာ။ ကားပေါ်မှာ ပြည်သူပါတယ်ဆိုတာ မသိတော့ အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲပြီး ကားကို သိမ်းလိုက်တာ။ သူတို့လည်း ပြည်သူတွေပါတာ ဟို ရောက်မှသိတော့ ပြည်သူတွေကိုတော့ သူ့နေရာနဲ့သူ အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့ပေး ခဲ့တယ်ဆိုတဲ့ သတင်းတော့ ကျနော်လည်း ရထားတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ မိုင်းစထိလို့ နည်းနည်းပါးပါး ဒဏ်ရာရတာပဲရှိတယ်။ အရမ်းကြီးထိခိုက်တာမျိုး မဟုတ် ဘူး”
ခရီးသည်အားလုံး ပြန်လွတ်ပြီလို့ ဒေသခံက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြု နေဆဲ ဖြစ်ပါတယ်။
မြင်းမူမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုကတော့ ပြည်သူတွေကို ထိခိုက်လိုစိတ်နဲ့ လုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းကလည်း ဂွေးပင်တောရွာအနီးမှာပဲ ပုလဲ - မန္တလေး ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
Elite Express ယာဉ်လိုင်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ သားအကြီး ဦးအောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာရွှေဝါလုပ်ငန်းစုပိုင် အဝေးပြေးယာဉ်လိုင်း လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။