ပေါက်မြို့နယ် မြေခြားရွာမှာ အိမ် ၇၀ ခန့်မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် မြေခြားရွာကို ဇွန် ၁၁ ရက် မနေ့မနက် မနက် ၈ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၇၀ ဝန်းကျင်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို မြေခြားရွာအရောက်မှာ ဒေသကာကွယ်ရေး အဖွဲ့က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခဲ့ပြီးနောက် ရွာကိုဝင်ရောက် မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတာမှာ ၇၀ ကျော်လောက် ဆုံးရှုံးသွားတယ်။ ကျနော်တို့နဲ့ သိတဲ့သူတွေကို မြေခြားရွားနားက လူတွေကိုလည်း ဘာမှ ဖုန်းဆက်လို့ မရတော့တာ။ အကုန်ပြေးကြရတော့တာပဲ"

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မြေခြားရွာကနေပြီး အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်းပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မြေခြားကနေပြန်ထွက်ပြီး သရက်လေးပင်ရွာအရောက်မှာ ရွာထဲက မသင်္ကာတဲ့ လူနှစ်ဦးကိုဖမ်းပြီး အဲဒီထဲက တစ်ဦးကို ရိုက်နှက်စစ်ဆေးပြီးနောက် ပြန်လွှတ်လိုက်ပေမယ့် ကိုကျော်လင်းဆိုတဲ့ နောက်တစ်ဦးကတော့ အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မနေ့က လယ်လန်းရွာနဲ့ တောင်ဘက်ရွာမှာလည်း မီးရှို့ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ် တွေကို မီးရှို့တာဟာ သူတို့ လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာ ဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာကို စစ်ကောင်စီ တပ်က လုပ်ဆောင်နေတာလို့ ပြောဆိုကြပါတယ်။

ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ပေါက်မြို့ကို သွားတဲ့ လမ်းမဘေး ရွာတွေဖြစ်တဲ့ လယ်လန်း၊ သရဖီ၊ မြေခြား၊ ဒေါင်းသာ၊ သပွတ်စု၊ သရက်လေးပင်၊ တောင်ချို စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်း တွေရဲ့ မီးရှို့မှုကြောင့် ခန့်မှန်းခြေ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံး ဆုံးရှုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။