ပေါက်မြို့နယ် ရွာနှစ်ရွာမှာ နေအိမ် ၄၇ လုံး မီးရှို့ခံရပြီး တစ်ဦးအသတ်ခံရ

2022.08.13
ပေါက်မြို့နယ် ရွာနှစ်ရွာမှာ နေအိမ် ၄၇ လုံး မီးရှို့ခံရပြီး တစ်ဦးအသတ်ခံရ မကွေးတိုင်း၊ ပေါက်မြို့နယ် မြေခြားရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Pauk Newsletter Page Facebook Page

မကွေးတိုင်း ပေါက်မြို့နယ် ရှားစေးချက်နဲ့ ရေထွက်ရွာက နေအိမ် ၄၇ လုံးကို စစ်ကောင်စီ တပ်သားတွေ နှစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်ဦးကိုလည်း သတ်သွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ရေထွက်ရွာကနေအိမ် ၂၅ လုံး မီးရှို့ခံရသလို ဩဂုတ် ၁၂ ရက် မနေ့ကလည်း ရှားစေးချက်က နေအိမ် ၂၂ လုံး ထပ်မံမီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရှားစေးချက်ရွာကို ဝင်ရောက်ချိန်မှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုရဲဝင်းနိုင်ကိုပါ ပစ်သတ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရှားစေးချက်က အိမ်ခြေ ၂၂ လုံး မီးထဲပါသွားတယ်။ ပြည်သူတစ်ယောက် အသတ်ခံရတယ်။ အခုရော စစ်သားတွေ ထောက်ရှာပင်က ပြည်သူတွေ လမ်းပြခေါ်ပြီး ဝင်နေတယ်"

စစ်ကောင်စီတပ်သား အင်းအား ၁၅၀ ခန့်ဟာ ထောက်ရှာပင်ရွာကနေတဆင့် စစ်ကြောင်း နှစ်ကြောင်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို ဝင်ရောက်မီးရှို့နေတာလို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြနိုင်ခြင်း မရှိသေးပါဘူး။

ဩဂုတ်လ ၁၂ ရက် မနေ့ကလည်း ထောက်ရှာပင်ရွာ ဘုရားအနီးကို စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ အင်အားတွေ ထပ်လာချနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် ရေထွက်ရွာဟာ နေအိမ် ၁၂၀ ခန့်ရှိသလို ရှားစေးချက်ရွာက နေအိမ် ၈၅ လုံးရှိပြီး နှစ်ရွာပေါင်း ဒေသခံ တစ်ထောင်ဝန်းကျင်ကတော့ ဘေးလွတ်ရာကို ထွက်ပြေး နေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။