ရေဖြူမြို့နယ်က MOGE ဓာတ်ငွေ့ပိုက်လိုင်းကို PDF အဖွဲ့တွေ မိုင်းခွဲ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဓာတ်ငွေ့ပိုက်လိုင်းကို တွေ့ရစဥ်
တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဓာတ်ငွေ့ပိုက်လိုင်းကို တွေ့ရစဥ် (Photo: Kanbauk Defense Force)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကံပေါက် ရုံးခွဲနဲ့ ကံပေါက်ကနေ ရန်ကုန်တိုင်း သာကေတကို ဆက်သွယ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF) က ဩဂုတ်လ ၉ ရက်နေ့ က ထုတ်ပြန်ပါတယ်။

MOGE ရဲ့ ကံပေါက်ရုံးခွဲကို ဩဂုတ်လ ၃ ရက်နေ့ မနက် ၃ နာရီ ၄၀ အချိန်က မိုင်းခွဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး ကံပေါက် - သာကေတ ဓာတ်ငွေ့ပိုက်လိုင်းကိုတော့ ဩဂုတ်လ ၉ ရက်နေ့က အိန္ဒရာဇာရွာနဲ့ ဆင်ကူးရွာနားမှာ တစ်ကြိမ်၊ နတ်ကြီးစင်နဲ့ စိန်ဘုံရွာကြားမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဖော်ပြ ထားတာ မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ကြီးကြီးမားမား ပျက်စီးတာ မတွေ့ ရဘူးလို့ ပြောပါတယ်။

"အဲ့ဒီပိုက်လိုင်းက အရင်က MOGE ပိုင်တာ။ မြိုင်ကလေး ဘိလပ်မြေ စက်ရုံကို အဓိကပို့တယ်။ စက်ရုံမှာ ထုံးကျောက်တွေကို ဖျော်ရာမှာ အဓိကသုံးတာပေါ့။ ကြီးကြီးမားမား ပျက်စီးတာ မတွေ့ဘူး။ ကျနော်တို့ ယာခင်းသွားရင် စိန်ဘုံရွာဘေးကသွားရတာ။ မိုင်းခွဲလို့ မြေကြီးတွေ ချိုင့်ခွက်တွေ ဖြစ်သွားတာတော့ တွေ့ပါတယ်"

မိုင်းခွဲမှုဖြစ်စဉ်အပြီး စိန်ဘုံရွာနဲ့ နတ်ကြီးစင်ရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးမှု ရှိခဲ့သလို လမ်းတွေကိုလည်း နာရီဝက်ခန့်ကြာအောင် ပိတ်ဆို့စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီဓာတ်ငွေ့ပိုက်လိုင်းဟာ စစ်ကောင်စီအစုရှယ်ယာပိုင်တဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ပို့ဆောင်တဲ့ ပိုက်လိုင်းဖြစ်တာကြောင့် မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီတိုက်ခိုက်မှုကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF) နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက် ရေးတပ်ဖွဲ့ (TPLF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။