တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးမှာရှိတဲ့ လဲရှောင်ရွာအနီးမှာ ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ စီးနင်းလားတဲ့ ကားတစ်စီးထိပ်တွေ့ပြီး အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“PDF ရဲဘော်တွေက နေရာရွှေ့ကြတဲ့အချိန်မှာ ရန်သူကင်းပုန်းနဲ့ ရန်သူစစ်ကြောင်းက သတင်းကြိုရထားပုံရတယ်။ ဆယ်ဦးလောက် လိုက်ပါလာတဲ့ PDF ရဲဘော် ကားတစ်စီးကို ရန်သူကနေ ကြားဖြတ်ပြီး အနီးကပ်ချေမှုန်းခံရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ ကားပေါ်ပါလာတဲ့ ရဲဘော် ငါးဦး ကျဆုံးသွားတယ်။ တချို့ရဲဘော်တွေက ဒဏ်ရာရပြီး လွတ်သွားတယ်”
သေဆုံးသွားတဲ့ ရုပ်အလောင်းတွေနဲ့ ကားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေကို သိမ်းဆည်းသွားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရေဖြူမြို့နယ် ကံပေါက်ဒေသနဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အနီးတစ်၀ိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံတချို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။