နတ်မောက်က ဓာတ်အားခွဲရုံကို ဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေကာကွယ်ရေးတပ် ထုတ်ပြန်

2021-09-09
Share
နတ်မောက်က ဓာတ်အားခွဲရုံကို ဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေကာကွယ်ရေးတပ် ထုတ်ပြန် မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက 33 KVA ဓာတ်အားခွဲရုံကို ဗိဿနိုးနယ်မြေကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦး ဖျက်ဆီးနေစဉ်။
Photo: ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်နဲ့ စစ်လက်နက်သိုလှောင်တဲ့တပ်တွေကို သွယ်တန်းပေးထားတဲ့ 33 KVA ဓာတ်အားခွဲရုံကို စက်တင်ဘာလ ၉ ရက် ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“ ပင်မဆက်သွယ်ရေးတပ် အမှတ် (၂) နဲ့ ရွာမွန် ပင်မစစ်လက်နက် သိုလှောင်ရေးတပ်ရင်းကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ နတ်မောက်မြို့နယ် နတ်မောက်ရွာမွန်လမ်းမပေါ်ရှိက ဒန့်သလွန်ပင် ကျေးရွာအနီးမှာရှိတဲ့ 33 KVA ဓာတ်အားခွဲရုံအတွင်းက စက်ပစ္စည်းတွေကို ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်၊ အသေးစိတ်ကိုနောက်ထုတ်ပြန်ပေးမယ်'' လို့ ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲ့ဒီ ဓာတ်အားခွဲရုံဟာ စစ်ကောင်စီရဲ့ ပင်မဆက်သွယ်ရေးတပ် အမှတ် (၂) နဲ့ ရွာမွန်ပင်မ စစ်လက်နက် သိုလှောင်ရေးတပ်ရင်းအတွက် သီးသန့်သုံးဖို့ တည်ဆောက်ထားတာဖြစ်တယ်လို့ နတ်မောက်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဖျက်ဆီးလိုက်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ အဲ့ဒီတပ်နှစ်ခုစလုံးမှာ မီးတွေပျက်သွားပြီး စက်ရုံလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ အဆိုပါတပ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီကိစ္စအတွက် သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA ကဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့