အင်အားသုံး ထိုးစစ်ဆင်မှုကြောင့် နန်းမယ်ခုံမြို့ကို ဆုတ်ခွာပေးရကြောင်း KNPP ပြော

ကယားပြည်နယ် နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင် လာတဲ့ အတွက် ကာကွယ်ရေး အဖွဲ့တွေက ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က ဆုတ်ခွာပေးလိုက် ရတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က တဖြည်းဖြည်းနဲ့ ထိုးစစ် ပြန်ဆင်လာတဲ့အတွက် အင်အားမမျှလို့ ဆုတ်လိုက်ရတာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှုး (၁) ခူဒယ်နီယာ က ပြောပါတယ်။

"လက်လွှတ်လိုက်ရပြီဆိုတာက အရင် ဒီ PDF တို့ KNDF တို့က ဒီမိုးဗြဲကနေ စပြီးတော့ တိုက်ပွဲဖြစ်တယ်။ လွိုင်ကော်မှာဖြစ်တယ်။ အဲဒီကနေ စစ်ကောင်စီက တဖြည်းဖြည်းနဲ့ ထိုးစစ်တွေ ပြန်ဆင်လာတယ်။ လက်လွှတ်လိုက်ရတယ် ဆိုတာက ခဏလေး။ ခဏတစ်ဖြုတ်ပါ။ အင်အားမမျှလို့ ဆုတ်လိုက်ရတယ် ဆိုတဲ့ သဘောမျိုးပါပဲ "

စစ်ကောင်စီဘက်ကတော့ KNPP နဲ့ PDF တို့ တပ်စွဲထားတဲ့ ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ဘုရားကုန်း၊ ဘုရားဖြူ၊ ဆင်မတောင်၊ ဆင်ထီးတောင်၊ အိုကေ စတဲ့ ကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မနေ့ကအထိ ထိတွေ့တိုက်ခိုက်မှု ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်းတချို့နဲ့ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သလို စစ်တပ်ဘက်ကလည်း အရာရှိနဲ့ စစ်သည်အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ကနေ စတင်ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ တွေဟာ ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က နန်းမယ်ခုံမြို့အထိ ဆက်လက် ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေအပြင် တိုက်လေယာဉ် တွေနဲ့ပါ အင်အားသုံး တိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ လေယာဉ်နဲ့ လာကြဲတယ်။ မနေ့ကဆိုရင် တစ်နေကုန် ဟိုး မနက် ၈ နာရီ ၉ နာရီ ကတည်းက လာတယ်။ ဟိုးညနေ ၃ နာရီ ၄ နာရီအထိလာတယ်။ တစ်နေကုန် လေယာဉ်နှစ်စီး၊ သုံးစီး အမြဲတမ်းလာတယ်။ ပြီးတော့ ညဆိုရင်လည်း ဟိုးအရင်ည ဆိုရင်လည်း ညဗုံးလာကြဲတယ်။ လေယာဉ်နဲ့ လာကြဲတယ်။ အဲဒါကြောင့်မို့လို့ ရွာထဲနေတာ မလုံခြုံတော့ဘူးပေါ့နော်။ အဲလိုမျိုး ပြောကြတယ်။ ပြီးတော့ ဗုံးနဲ့ လာကြဲတယ်ဆိုရင်လည်း တစ်နေကုန်ကြဲတာပဲ။ သူ့ဟာကလည်း နည်းနည်းတော့ များသားပဲ။ ညဆိုရင်လည်း ညကြဲတာပဲ။ လက်နက်ကြီး လက်နက်ငယ်တွေလည်း ပစ်တယ် "

ဒီတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် သုံးသောင်းဝန်းကျင် အထိ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင် နေကြရတာလို့ ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ဒီကြားထဲမှာက ရေမရှိဘူးလေ။ ဘယ်နေရာမှ ရေအဆင်မပြေဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီရေတော့ အလှူလိုက်ခံရမှာပေါ့။ အဲဒါမျိုး အဲလိုပဲ လုပ်ရမှာပေါ့။ ဒုက္ခ တအားရောက်တယ်။ ဒီနန်းမယ်ခုံတို့၊ အိုကေတို့၊ နောက်ပြီးတော့ ဒီကျွန်းတောတို့ ဒီဘက်တော့ အကုန်လုံး ရှောင်မှ ရတော့မယ် ထင်တယ်။ မရှောင်လို့လည်း အဆင်မပြေတော့တဲ့ အနေအထား။ အများကြီး ထွက်လာပြီ။ ထောင်ချီသောင်းချီ ရှိနေပြီ”

၁၀ ရက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ၂၀ ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကသေဆုံးသူ ၈၀ ကျော်ရှိအထိရှိနိုင်တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF က ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း သေဆုံးတဲ့အရပ်သားဟာလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အထိ ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။