သပိတ်ကျင်း အင်းနက်တာဝါတိုင်စခန်းကို PDF သိမ်းယူ

RFA Burmese
2024.07.21
သပိတ်ကျင်း အင်းနက်တာဝါတိုင်စခန်းကို PDF သိမ်းယူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်တာဝါတိုင်စခန်းကုန်း သိမ်းယူအပြီး ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Ministry of Defence - National Unity Government of Myanmar

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာအနီး တာဝါတိုင်ကုန်းပေါ် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့က တာဝါတိုင်ကုန်းနဲ့ စစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ရှစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်ဆီးနိုင်ခဲ့သလို နောက်ထပ် ရှစ်ဦးရဲ့ ရုပ်အလောင်းတွေလည်း ရခဲ့တယ်လို့ NUG က ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့ပေမဲ့ စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာပါဝင်ခဲ့သူ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ ခြောက်နာရီအကြာ တိုက်ခိုက်မှုလုပ်ခဲ့ရပြီး PDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

“တိုက်ရတာ အချိန်တော်တော်လေးကြာတယ်လို့ ပြောရမယ်။ သူတို့ဘက်က လေကြောင်းပစ်ကူစောင့်နေတာ။ နောက်ဆုံးမရတော့မှ လက်နက်ချတာ”

ဇူလိုင်လ ၂၂ ရက် မနက်အထိ စစ်ကောင်စီတပ်ဘက်က တုံ့ပြန်စစ်ဆင်ရေးတွေ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ငယ် ၂၃ လက် အပါအဝင် စစ်လက်နက် ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးတိုင်းထဲက စဥ့်ကူး၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာလည်း TNLA၊ MDY-PDF၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး စဥ့်ကူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။