မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်း ကွယ်လွန်

RFA Burmese
2024.08.19
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်း ကွယ်လွန် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်း။
Nyein Aye Eain

Updated 8:10 PM Aug 19,2024

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းဟာ ဒီနေ့ သြဂုတ်လ ၁၉ ရက် နေ့လယ် နှစ်နာရီက ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားပြီး ကျန်းမာရေး ဆိုးရွားနေချိန် သြဂုတ်လ ၁၆ ရက်နေ့ကမှ လွှတ်ပေးခဲ့တာပါ။

ထောင်က လွှတ်မိန့်ရခဲ့ပြီးနောက်မှ အင်းစိန်ဆေးရုံကနေ ဆာကူရာဆေးရုံကို ပြောင်းရွှေ့ကုသနေရင်း သုံးရက်အကြာ ဒီနေ့မှာ ကွယ်လွန်သွားတာလို့ သူရဲ့ဇနီးဖြစ်သူ မခင်စုစုဌေးက RFA ကို ပြောပါတယ်။

“ဧပြီလ ၂၂ ရက်လောက်မှာ လွိုင်ကော်ထောင်ထဲမှာ သူ အောက်ပိုင်းသေပြီး ထောင်ထဲမှာ လဲသွားတယ်ပေါ့နော်။ အဲဒီမှာစစ်တော့ အရိုးတီဘီဆိုတာ သိရတယ်။ အဲဒါအဆင့်ဆင့်လွှဲတော့ အင်းစိန်ထောင်ကတစ်ဆင့် အင်းစိန်ဆေးရုံကြီးကို ဇူလိုင် ၁၃ ရက်နေ့က ရောက်တယ်။ ဆေးကုနေရင်း ၁၆ ရက်နေ့ သူတို့ လွှတ်ပေးတော့။ ပုဂ္ဂလိကဆေးရုံကို ပြောင်းပြီးကုတာပေါ့နော်။ အဲဒီမှာတော့ သုံးရက်အကြာမှာ ဆုံးသွားပါတယ်”

သူ့ကို ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရတာပါ။

ကိုဖေမောင်စိမ်းဟာ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သားဖြစ်ပါတယ်။ သူဟာ Yangon Film School ရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မှတ်တမ်းရုပ်ရှင်တွေလည်း ဖန်တီးရိုက်ကူးခဲ့ပြီး နိုင်ငံတကာဆုတွေ ရရှိခဲ့ပါတယ်။ ကိုဖေမောင်စိမ်းကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ်။

သူရဲ့ဈာပနကို လာမဲ့သြဂုတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။