မြို့သိမ်းတိုက်ပွဲအပြီး ပုလဲမြို့က နေအိမ် ငါးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲကနေ ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ငါးရက်အတွင်း မြို့ပေါ်က နေအိမ်ငါးဆယ်ကျော်ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့မှာ တိုက်ပွဲတွေ မရှိတော့ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်ရဲ့ နေအိမ်အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတယ်လို့ စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ပုလဲမြို့ပေါ်မှာ မရှိတော့ပါဘူးခင်ဗျ။ သို့ပေမဲ့ ပြည်သူတွေအားလုံးက လွတ်မြောက်ရာကို ထွက်လာတဲ့အတွက် အိမ်ခြေတော်တော်များများထဲက ပစ္စည်းတွေကိုယူပြီးတော့ မီးရှို့ခံရတဲ့ အိမ်ခြေကလည်း တော်တော်လေး များနေပါတယ်ခင်ဗျ။ မီးရှို့ခံရတဲ့ အိမ်တွေကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်အိမ် လည်း မီးရှို့ခံရတယ်။ လက်ရှိ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဆင်နွှဲနေတဲ့ သတင်းရတဲ့သူတွေရဲ့ နေအိမ် အားလုံးလည်း အရှို့ခံရတယ်။ နောက်တစ်ခါ ပြည်သူတွေရဲ့အိမ် တော်တော်များများလည်း ရှို့သွားတယ်။ ကျွန်တော်တို့ မနေ့ကအထိ သိထားသလောက်တော့ အိမ်ခြေ ငါးဆယ်ကျော်သွားတယ်ပေါ့ဗျာ”

တိုက်ပွဲကြောင့် ဒေသခံနှစ်သောင်းခန့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေအထိ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၉ ရက် ဒီနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ဦးဆောင်ပြီး Generation Z Army (GZA) နဲ့ Southern Yesagyo (SYSO) အဖွဲ့တို့က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး ၄၈ နာရီအတွင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ထိန်းချုပ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဆယ်ကျော်အပြင် လက်နက်နှစ်ဆယ်ကျော် သိမ်းဆည်းရမိ ခဲ့တယ်လို့ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကူအင်အား အပါအဝင် တံတားဦးလေတပ်၊ မိတ္ထီလာ ရှမ်းတဲလေတပ်နဲ့ မကွေး လေတပ်တို့ကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ် ခုနစ်ဆယ်ကျော်လုပ်တာကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပုလဲမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။