ပုလဲမြို့ပေါ်မှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ
2024.11.13
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက် ဒီနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ပုလဲမြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပုလဲမြို့ပေါ်က စစ်တပ်အခြေစိုက်နေရာတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေတာပါ။
နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ပုလဲမြို့ပေါ်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပုလဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်တင် Mi-35 နဲ့ ကြဲနေတာ။ စစ်ကောင်စီဘက်က မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ပစ်တယ်။ ဒါပေမဲ့ အခြေအနေဘယ်လောက်ဆိုးတယ်ဆိုတာကိုတော့ ပြောလို့မရဘူး။ ဖုန်းရော၊ အင်တာနက်ရော အဲဒီဘက်မှာ တော်တော်လေး ခက်ခဲနေတယ်။ ဒေသခံတွေလည်း ထိခိုက်သေဆုံးတာများတယ်”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပုလဲဒေသခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် အရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
နိုဝင်ဘာလ ၅ ရက်နေ့ကတော့ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။