ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ထဲမှာ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကယား ပြည်နယ်ထဲက ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
နိုဝင်ဘာလ ၄ ရက် မနေ့မနက်ပိုင်း ၈ နာရီခန့်ကနေ ညနေ ၆ နာရီအထိ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာနဲ့ စက်တော်ရွာ အနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဘက်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံ (PDF)၊ မိုးဗြဲ (PDF)၊ ဒီးမော့ဆို (PDF)၊ လွိုင်ကော် (PDF)၊ KGZ အဖွဲ့နဲ့ အလယ်ပိုင်းတိုင်း တိုက်ခိုက်ရေး တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂ နာရီကစပြီး နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် လွယ်ဝှဲရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲ အပြင်းအထန် စဖြစ်ခဲ့တာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးအင်အား အလွန်အကျွံသုံးစွဲပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အပြင် အနီးအနား ရွာတွေထဲ ဝင်ရောက်ပစ်ခတ်တာ တွေကြောင့် ဖယ်ခုံမြို့ပေါ် အပါအဝင် ကုန်ဆုံရွာ၊ လွယ်ပါသာ၊ ပူချယ်၊ ကသဲ၊ ရွှေပြည်အေး စတဲ့ရွာတွေက ဒေသခံ ၃၀၀ နီးပါး ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က နိုဝင်ဘာလ ၄ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေး ပူးပေါင်း အဖွဲ့က ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဘက် ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသးပါဘူး။
ကယားပြည်နယ်ထဲက တိုက်ပွဲအခြေအနေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
နိုဝင်ဘာလ ၅ ရက် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ ရှိနေပြီး စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ဖယ်ခုံ (PDF) ဆိုပါတယ်။