ဟားခါးမြို့နယ် နှီရ်လောန်းရွာမှာ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့မှာရှိတဲ့ ၀န်ကြီးအိမ်ရာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ဟားခါး (CDF) အဖွဲ့ ဩဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဟားခါးမြို့အခြေစိုက် ခလရ (၂၆၆) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် နှီရ်လောန်းရွာက အမျိုးသမီးတစ်ဦး သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဟားခါးမြို့ကနေ ခုနစ်မိုင်ဝေးတဲ့ နှီရ်လောန်းရွာက လူနေအိမ် ပေါ် ကျရောက်ခဲ့ပြီး မီးဖိုချောင်ထဲ ထမင်းချက်နေတဲ့ အသက် (၅၅) နှစ်အရွယ်ရှိ ဒေါ်ချာနှဲမ် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မီးဖိုချောင်မှာ ထမင်းချက်နေတုန်း လက်နက်ကြီးကျည်မှန်ပြီး ပွဲချင်းပြီးသေတယ်။ သူ့သားတစ်ယောက်ကတော့ လက်မှာ ဒဏ်ရာရတယ်။ အခုလောလောဆယ်တော့ အလောင်းကို ဒီတိုင်းထားခဲ့ပြီးတော့ အကုန်လုံး တောထဲကို ထွက်ပြေးနေရတယ်"

ဒေသခံတွေကတော့ လတ်တလော ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှီရ်လောန်းရွာဟာ အိမ်ခြေ တစ်ရာကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော် နေထိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း နှီရ်လောန်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ၀င်ရောက်ခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။