ရုရှားနိုင်ငံက စက်သုံးဆီဝယ်ယူပြီး ပြည်တွင်းမှာ သိုလှောင်ဖြန့်ဖြူးဖို့အတွက် ဦးဆောင်ကော်မတီတစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့ကတည်းက စစ်ကောင်စီက ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဆောင်ရွက်မှာဖြစ်ပြီးကော်မတီရဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတွေအဖြစ် စွမ်းအင်ဝန်ကြီးဌာန လက်အောက် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေမှူး ဦးရွှေမော်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက် ထုတ်ကုန်များဈေးကွက်ရှာဖွေရေးနှင့် သုတေသနဌာန အထွေထွေမန်နေဂျာ ဦးမောင်မောင်ကျော်တို့က တွဲဖက်တာဝန်ယူမှာဖြစ်ပါတယ်။
အလားတူကော်မတီအဖွဲ့ဝင်တွေထဲမှာ ကုမ္ပဏီလေးခုနဲ့ စွမ်းအင်ဝန်းကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနတို့က ဒုတိယဝန်ကြီး ဦးသန့်ဇင်၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းတို့ ပါဝင်ပါတယ်။ ကော်မတီအဖွဲ့ဝင်ကုမ္ပဏီတွေကတော့ Star High Co.,Ltd ၊ Brighter Energy Co.,Ltd ၊ Best Oil Co.,Ltd နဲ့ Yetagon Energy Trading Co.,Ltd တို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှု၊အကန့်အသတ်နဲ့ ရောင်းချမှုတွေကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုရှိလာခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ အထိ ရန်ကုန်မြို့မှာ 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာ ဈေးနှုန်းဟာ ကျပ် ၂၃၂၀ နဲ့ 95 အမျိုးအစား ဓာတ်ဆီတစ်လီတာကို ကျပ် ၂၃၉၀ အထိရှိခဲ့ပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့မှာ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီက စက်သုံးဆီကို သြဂုတ်လကုန်ပိုင်းအထိ လုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်တာကြောင့် ဆီဆိုင်တွေ အရောင်းရပ်ဆိုင်းတာ၊ ကန့်သတ်ရောင်းချတာတွေ့ရှိခဲ့ရင် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ထုတ်ပြန်တဲ့နေ့ မှာပဲ မန္တလေး အပါအဝင် နယ်မြို့ကြီးတွေက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူရတာတွေ ဖြစ်နေပါတယ်။