ဖယ်ခုံမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံငါးဦး ဒဏ်ရာရပြီး နေအိမ် ၃၃ လုံးပျက်စီး

ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က မေလ ၅ ရက်နဲ့ ၆ ရက် ဒီနေ့မနက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃၃ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်စလုံး၊ မြောက်စလုံးနဲ့ ခေါင်အိရွာတွေကို မေလ ၅ ရက်နေ့မနက် ၄ နာရီက ၆ နာရီအထိ လေကြောင်းက ဗုံးကြဲတာကြောင့် တောင်စလုံးရွာခံ နှစ်ဦးဒဏ်ရာရခဲ့ပြီး ရွာသုံးရွာက စုစုပေါင်းနေအိမ် ၃၁ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်ဒီနေ့မနက် ၄ နာရီဝန်းကျင်မှာလည်း လန်းကောရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ သုံးဦးဒဏ်ရာရရှိပြီး နေအိမ်နှစ်လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြည်သူတွေကို ရန်သူလိုသဘောထား လုပ်ဆောင်နေတာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“လန်းကောကျေးရွာဆိုတာ ဖယ်ခုံမြို့ရဲ့ တကယ့်အစွန်အဖျားကျေးရွာ စစ်ရေးနဲ့ မပတ်သက်တဲ့ နေရာမျိုးလို့တောင် ပြောလို့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခုလို ဝေးလံခေါင်းဖျားတဲ့ ရွာတွေကို စစ်ကောင်စီက ဒီလို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတာက ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး တိုက်ခိုက်တယ်လို့ ပြောချင်ပါတယ် ”

လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ ငါးဦးဒဏ်ရာရရှိပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတာမှန်ကန်ပေမယ့် လတ်တလောမှာတော့ အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဖယ်ခုံမြို့က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေး၀န်ကြီးဦးအောင်ဝင်းဦးကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့‌ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲအကြိမ် (၅၀) အထိဖြစ်ခဲ့တယ်လို့ KNDF က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီလတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။