ဖားကန့်မှာ သုံးရက်အတွင်း သေဆုံးသူ ရှစ်ဦးရှိ၊ ပျောက်ဆုံးသူတွေရှိနေဆဲ


2019.04.24
hpakant-sinking-truck-622.jpg မြေစာပုံပြိုကျတာကြောင့် နစ်မြုပ်သွားတဲ့ မြေသယ်ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: Moe Moe

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီ ၂၂ ရက်နေ့ကစပြီး ဒီနေ့မနက်အထိ မြေစာပုံပြိုကျတာ၊ ကျောက်ကမ်းပါးပြိုကျတာနဲ့ နွံကန်ပေါက်ကျတာတွေကြောင့် သေဆုံးတဲ့ အလုပ်သမား ရှစ်ဦး ရှိပြီး ၅၀ ခန့် နဲ့ စက်ယန္တရားတချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက် ဒီနေ့မနက်က ကမ်းပါးပြိုကျတာကြောင့် ကုမ္ပဏီအလုပ်သမား နှစ်ဦး သေဆုံးခဲ့ပြီး မနေ့ညက အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်လုပ်ကွက်မှာ မြေစာပုံပြိုကျတာကြောင့် KNDPC ကုမ္ပဏီလုပ်သား နှစ်ဦး သေဆုံးကာ မြေတူးယာဉ် နှစ်စီးနဲ့ မြေသယ်ယာဉ် နှစ်စီး နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့ညကတော့ ဖားကန့်မြို့နယ် ဗလခကျေးရွာအနီးမှာရှိတဲ့ နွံကန်ပေါက်ကျလို့ ကုမ္ပဏီအလုပ်သမား ၅၄ ယောက် နစ်မြုပ်ပျောက်ဆုံးနေပြီး အဲဒီထဲက လေးဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတေ့ွရှိထားပေမယ့် ကျန်တဲ့သူတွေနဲ့ စက်ယန္တရား ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ မြေစာပုံပြိုကျတာ၊ ကမ်းပါးပြိုကျတာတွေ၊ မတော်တဆ ထိခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာဆိုရင်လည်း ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက အမြင့်ပေ ၁၅၀ ကျော်ရှိတဲ့ ကျောက်တောင်ကမ်းပါးပြိုကျလို့ သေဆုံးသူ ခြောက်ဦး သေဆုံးခဲ့ပြီးနောက် အခုလို လူအစုလိုက်အပြုံလိုက် နစ်မြုပ်ပျောက်ဆုံးမှုတွေ ပြန်လည်ဖြစ်ပွားတာပါ။

နှစ်စဉ် လူသေဆုံးမှုတွေ ရှိနေတာဟာ အဲဒီဒေသမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီတွေက စည်းမျဉ်းစည်းကမ်းတွေ ညွှန်ကြားချက်တွေကို ကျော်လွန်လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဒီလိုဝေဖန်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီတွေကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဗလခကျေးရွာအနီးမှာ ပေါက်ကျခဲ့တဲ့ နွံကန်ဟာ အနက်ပေ ၁၀၀၊ အကျယ် ငါးဧကခန့်ရှိတဲ့အတွက် နွံကန်ထဲပါပြီး ပျောက်ဆုံးသွားတဲ့အလုပ်သမား ၅၀ ခန့်နဲ့ စက်ယန္တရားပစ္စည်းတွေကို ဆယ်ယူဖို့ အခက်အခဲရှိနေပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကိုလည်း ကုမ္ပဏီတွေဖက်က နစ်နာကြေးတွေပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရမှာသာ လုပ်ပိုင်ခွင့်ရှိတာဖြစ်ပြီး ပြည်နယ်အစိုးရက ပေါင်းစပ်ဆောင်ရွက်ရုံမျှသာ လုပ်နိုင်တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း က ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အလားတူ အသက်အန္တရာယ်ရှိနိုင်တဲ့ မှော်စီဆာနဲ့ ဝှေခါနွံကန်အပါအဝင် ၁၀ခုထက် မနည်းရှိနေပြီး တချို့နွံကန်တွေဟာ လူနေရပ်ကွက်၊ အိမ်တွေနဲ့လုပ်ကွက်တွေ အနီးအနားမှာ ရှိနေတဲ့အတွက် နွံကန်ပေါက်ကျလာပြီး အသက်အန္တရာယ်ဆုံးရှုံးမှာကို ဒေသခံတွေနဲ့ အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။

ဒီအတောအတွင်းမှာပဲ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရပ်ကွက် (၆)၊ လဂုဂျောင်ကျေးရွာမှာ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့မြေစာစွန့်ပစ်မှုကြောင့် အိမ်ခြေ ၂၈လုံး အက်ကွဲပြိုကျတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(ဗီဒီယိုသတင်းပေးပို့ချက် ကြည့်ှရှုရန်)

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။